စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် ခက်ခဲလာတဲ့ စစ်တွေမြို့
2023.12.29
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ယခင်က ဆိုင်ကယ်၊ သုံးဘီးကား၊ မော်တော်ကား တွေနဲ့ အသက်ဝင် နေခဲ့တဲ့ လမ်းတွေမှာ အခုတော့ စက်ဘီးတွေသာ အများဆုံးတွေ့လာ ရပါတယ်။ စစ်ကောင်စီရဲ့ ပိတ်ဆို့ ဖြတ်တောက်မှုတွေကြောင့် စက်သုံးဆီ ရှားပါးနေသလို အပြင်မှာရောင်းချတဲ့ နိုင်တီတူး အမျိုးအစား ဓာတ်ဆီတစ်လီတာကို ကျပ်သုံးသောင်းနီးပါး အထိ ရှိနေတာပါ။
"ဆီတစ်လီတာကို သုံးသောင်းနီးပါးဆိုတော့ လူတွေက အခက်တွေ့လာကြတယ်။ ဘယ်လိုမှ ရုန်းကန်လို့ မရဘူး"
ဒါကြောင့် ဒေသခံတွေဟာ ဆိုင်ကယ်တောင်မစီးနိုင်ကြတော့ဘဲ စက်ဘီးကိုသာ အားကိုးလာကြရတယ်လို့ စစ်တွေမြို့ခံ ဦးထွန်းအောင်ကျော်က RFA ကို ပြောပါတယ်။
“အခုဆို ဆီစျေးက ၂၈,၀၀၀ ကျပ်ဖြစ်သွားတယ်။ အဲဒါကြောင့် အလုပ်သွား၊ အလုပ် လာတွေ အဆင်မပြေကြဘူး။ စားဝတ်နေရေးလည်း အခက်အခဲ အဲဒီလိုဖြစ်လာကြတယ်။ ဒါကြောင့် စက်ဘီးတွေပဲ စီးလာကြတာပေါ့။ စက်ဘီးအပျက်တွေကိုလည်း ဒီမှာ လာလုပ်ကြတယ်”
ပုံမှန်ဆိုရင် ကြက်သွန်နီတစ်ပိဿာကို ကျပ်လေးထောင်လောက်သာရှိပေမယ့် စစ်တွေ မြို့မှာ ကျပ် သုံးသောင်း လောက်အထိ စျေးပေါက်နေသလို ငရုတ်သီးစိမ်း တစ်ပိဿာကို လည်း ကျပ် နှစ်သောင်းကျော်အထိ ရှိနေတာပါ။ စားသောက်ကုန်စျေးနှုန်းတွေ အဆမတန် စျေးမြင့်တက်နေတာကြောင့် စားဝတ်နေရေးအတွက် အတော်လေးကို အခက်အခဲ ဖြစ်နေ ကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စလို့ စစ်ကောင်စီက စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ကုန်းလမ်း၊ ရေလမ်း တွေကို ပိတ်ဆို့ဖြတ်တောက်ထား တာကြောင့် အခုလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြ ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကုန်စည်စီးဆင်းမှုတွေအားလုံး ရပ်တန့်နေပြီး ရန်ကုန်ဘက်ကနေ အဓိက တင်သွင်းရတဲ့ လောင်စာဆီ၊ စားသုံးဆီ၊ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ် နေပြီလို့လည်း ပြောကြပါတယ်။
စစ်တွေမြို့က တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းနဲ့ ရပ်တည်သူတွေလည်း အခုအချိန်မှာ အလုပ်တွေ ရပ်ထားရတယ်လို့ စစ်တွေမြို့က ငါးဖမ်းလုပ်သားတစ်ဦးဖြစ်တဲ့ ဦးထွန်းမြင့်ချေ က ပြောပါတယ်။
“အခု ဆီတစ်လီတာကို သုံးသောင်းနီးပါးဆိုတော့ လူတွေက အခက်တွေ့လာကြတယ်။ ဘယ်လိုမှ ရုန်းကန်လို့ မရဘူး။ အလုပ်မသွားရတာ များတယ်။ ဆီက သုံးလုံးလိုတယ်။ ဒါပေမဲ့ နှစ်လုံးပဲ ဝယ်နိုင်တယ်။ အဲဒါကြောင့် အလုပ်မသွားရဘူး။ ရပ်တန့်ထားရတယ်။ အဲဒီလို အခြေအနေတွေရှိတယ်။ ဆီနှစ်လုံး၊ သုံးလုံး၊ ပိုက်ဆံ ရှစ်သောင်းလောက် ရင်းပြီးသွားရင် ရတဲ့အခါလည်းရှိတယ်၊ မရတဲ့အခါ ငတ်တယ်။ ဆီဖိုးလည်းမရ၊ ပင်ပန်း တာလည်း အကျိုးမရှိဖြစ်တယ်”
ငါးဖမ်းနေကျ ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေရှိတာကြောင့် အရင်လို လွတ်လွတ်လပ်လပ်သွားလာလို့မရတော့ဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဖြစ်သလို ချေးငှားပြီး စားသောက်နေကြရတယ်လို့ စစ်တွေမြို့ခံ ဒေါ်ဌေးဌေးက ပြောပါတယ်။
“ငါးလည်း မရကြဘူး။ ရတဲ့အခါလည်း ပိုက်ဆံ ငါးထောင်ဖိုးလောက်ပဲ။ အဲဒါနဲ့ အရာမထင်ဘူး။ တစ်သောင်းဖိုး ရတဲ့အခါလည်းရတယ်။ ဆီတစ်လုံးကို နှစ်သောင်းကျော်၊ သုံးသောင်း။ ဘယ်လိုမှ အဆင်မပြေဘူး။ အဆင်မပြေ လို့ ငါးသွားမဖမ်းတဲ့သူတွေပဲ များတယ်။ ပစ္စည်းတွေရှိတဲ့သူမှာ ပေါင်ပြီးစားတယ်။ မရှိတဲ့သူတွေမှာ ချေးငှားပြီး စားတယ်”
စစ်ကောင်စီက ဒီအတိုင်း ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင် ဒေသခံတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့် အခြေအနေရှိတယ်လို့လည်း သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ရခိုင်ဒေသခံ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး လူသားချင်းစာနာမှု အကူအညီတွေပေးရေးအတွက်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA)က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။