ရပ်တည်ရေး ခက်ခဲလာတဲ့ ရခိုင်ရိုးရာ ကျောက်ဆစ်လုပ်ငန်း
2023.09.12

ဒေသခံရခိုင်တိုင်းရင်းသားတွေက မြို့ဟောင်း လို့ခေါ်ကြတဲ့ မြောက်ဦးမြို့ဟာ ရခိုင်သမိုင်းရဲ့ နောက်ဆုံး မင်းနေပြည်တော်မြို့ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်ပါတယ်။ မြောက်ဦးမြို့မှာ အထင်ရှားဆုံးနဲ့ ပြည်တွင်း၊ ပြည်ပခရီးသည်တွေရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးအရာကတော့ ကျောက်ဆစ်လက်ရာတွေပါ။
နှစ်ပေါင်းရှည်ကြာတည်ရှိနေတဲ့ ဒီရှေးဟောင်းကျောက်ဆစ်လက်ရာတွေကို ဘုရား၊ ပုထိုး၊ စေတီတွေအပြင် မြောက်ဦးမြို့ရဲ့ နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။
ဒီလို လက်ရာမြောက်လှတဲ့ ကျောက်ဆစ်အနုပညာ လက်ရာလုပ်ငန်းတွေဟာ အခုတော့ လုပ်ကိုင်တဲ့သူ နည်းပါးပြီး ပျောက်လုဆဲဆဲ အခြေအနေရောက်နေပါပြီ။
"အခက်အခဲကတော့ အများကြီးပဲ။ အဲဒီထဲက အတတ်နိုင်ဆုံးထိုးဖောက်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်ကို ထမင်းငတ်ရင်လည်း ဒီအလုပ်ကိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ လုပ်တာ"
မြောက်ဦးမြို့ ကြက်စျေးရပ်ကွက်က ဦးလှကြီးကတော့ ကျောက်ဆစ်ရုပ်တုတွေကို ရှေးရိုးမူအတိုင်း ထုရင်း တစ်ဖက်တစ်လမ်းကနေ ရှေးဟောင်းအမွေအနှစ်ပညာရပ်ကို ထိန်းသိမ်းနေသူပါ။
"ကျွန်တော် ဒီအလုပ်ကိုလုပ်တာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ဒီအလုပ်က မိရိုးဖလာလုပ်တဲ့ အလုပ်လည်း မဟုတ်ဘူး။ ကိုယ်ဝါသနာပါလို့ လုပ်ခဲ့တဲ့ အတတ်ပညာတစ်ခုဖြစ်တယ်။ သားသမီး နှစ်ယောက်၊ သုံးယောက်နဲ့ မိသားစုစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲကတော့ အများကြီးပဲ။ အဲဒီထဲက အတတ်နိုင်ဆုံး ထိုးဖောက်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်ကို ထမင်းငတ်ရင်လည်း ဒီအလုပ်ကိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ လုပ်တာ"
သူ့အိမ်မှာ ကျောက်သားတွေပေါ်ရေးဆွဲထားတဲ့ ရခိုင်ဘုရင်နဲ့ မိဖုရားရုပ်တုတွေ၊ ရခိုင်မင်းသမီး ရုပ်တုတွေ၊ ရခိုင်ရိုးရာဆံထုံးပုံစံရုပ်တုတွေနဲ့ တခြား လက်ရာမြောက်တဲ့ ကျောက်ဆစ်ရုပ်တုတွေကို တွေ့ရပါတယ်။
ဒီကျောက်ဆစ်လက်ရာပညာကို သျှစ်သောင်း၊ ကိုးသောင်း၊ ဒုက္ကံသိပ်၊ အံတော်သိမ်ဘုရားနဲ့ နီးစပ်ရာ ဘုရား၊ ပုထိုး၊ စေတီတွေမှာရှိတဲ့ ကျောက်ဆစ်ရုပ်တုတွေကို ကြည့်ရင်း ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ် စူးစမ်းလေ့လာခဲ့တာလို့ ဦးလှကြီးက ပြောပါတယ်။
"ကျွန်တော်က ဒီရှေးရိုးပုံစံတွေကို အများကြီးကြိုက်တယ်။ ဒီကပုံစံနဲ့ တူအောင် နေပြီးတော့ လာပြီးကြည့်တယ်။ ပြီးရင် ခဲတံနဲ့ ကိုယ်တတ်သလောက် ဆွဲတယ်။ အိမ်မှာ သွားလုပ်တယ်။ အဆင်မပြေဘူးဆိုရင် ဒီကိုပြန်လာပြီး နောက်တစ်ခေါက်ကြည့်တယ်။ အဲဒီလို အသွားအပြန်လုပ်ပြီးတော့ လေ့လာခဲ့တာပါ"
တကယ်တော့ ဦးလှကြီးဟာ လယ်သမားမျိုးရိုးပါ။ ဒါပေမဲ့ သူက ကျောက်ဆစ်လုပ်ငန်းကို ကလေးဘဝကတည်းက ဝါသနာပါခဲ့ပါတယ်။ အိမ်ထောင်ကျပြီး သားသမီးသုံးယောက် ရတဲ့အချိန်မှာတော့ လယ်ယာအလုပ်ကိုစွန့်လွှတ်ပြီး ဝါသနာပါတဲ့ ကျောက်ဆစ်ပန်းပု အလုပ်ကို စလုပ်ခဲ့ပါတော့တယ်။
စလုပ်တုန်းကသင်ပေးမယ့်ဆရာလည်းမရှိသလို ပုံမှန်ဝင်ငွေရမယ့်အလုပ်အကိုင်လည်း အတည်တကျမရှိတာကြောင့် မိသားစု စားဝတ်နေရေး ခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝါသနာပါတဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း ပိုအဆင်ပြေလာခဲ့တာလို့ ဦးလှကြီးက ပြောပါတယ်။
အရင်က သူ့ရဲ့ကျောက်ဆစ်လက်ရာတွေကို နိုင်ငံခြားသား ဧည့်သည်တွေပါ ဝယ်ယူကြသလို ပြည်တွင်းဧည့်သည်တွေလည်း ဝယ်ယူအားပေးခဲ့ကြတာပါ။
ဒါပေမဲ့ ရခိုင်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစဖြစ်တဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲအပြင် ကိုဗစ်ကပ်ဘေးကာလ၊ အဲဒီနောက်တစ်ခါနဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ တိုင်းပြည် အခြေအနေကြောင့် မြောက်ဦးမြို့ကို ခရီးသည်တွေ မရောက်နိုင်တော့ပါဘူး။ ဒါကြောင့် လက်ရှိမှာ ရပ်တည်ရေး ခက်ခဲနေတယ်လို့ ဦးလှကြီးက RFA ကို ပြောပါတယ်။
"အရင်နဲ့အခုနဲ့ဆိုတော့ အခုက နိုင်ငံခြားဧည့်သည်လည်း မရောက်ဘူးလေ။ အရင်ကတော့ ရောက်တယ်။ အခုသူတို့ မရောက်ဘူးဆိုတော့ သူတို့အမြဲဝယ်တဲ့ဟာတွေ ရောင်းမထွက်တော့ဘူးပေါ့။ ပြီးရင် ပြည်မက လူတွေလည်း မလာတော့ဘူးဆိုတော့ ရောင်းတဲ့ပစ္စည်းတွေအကုန်လုံး ရပ်သွားပြီလို့ ပြောလို့ရတယ်။ မြို့ပေါ်ကလူတွေ လောက်ပဲ ဘုရားတစ်ပါးတည်တယ်။ ပလ္လင်တစ်လုံးလုပ်တယ်။ ဒီလောက်နဲ့ အဆင်မပြေရင်လည်း ပြေသလိုနေရတာပေါ့"
လောလောဆယ်နှစ်ကာလတွေမှာ ကျောက်ဆစ်ရုပ်တုတွေကို ဝယ်မယ့်သူမရှိတော့ပေမယ့် ဦးလှကြီးကတော့ သူ့အိမ်မှာ နေ့တိုင်း ကျောက်ဆစ်ရုပ်တုတွေကို ဆက်ထုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းအမွေအနှစ် လက်မှုပညာထိန်းသိမ်းရင်း ဝါသနာပါရာ ဒီခရီးလမ်းကို ဆက်လျှောက်သွားမယ်လို့ ပြောပါတယ်။