ရန်ကုန်မြို့ လမ်းတွေပေါ်က လေလွင့်ကလေးငယ်တွေအတွက် ရေချမ်းစင် စာသင်ဝိုင်း
2024.03.25
ရန်ကုန်မြို့တွင်း လမ်းတွေမှာ တောင်းရမ်းနေကြတဲ့ ကလေးတွေအပါအဝင် ပလုံကောက်၊ ပန်းရောင်းနဲ့ နေ့စဉ် ရုန်းကန်ကျင်လည်နေကြတဲ့ နွမ်းပါးကလေးငယ်တွေကိုစာသင်ဖို့ အင်းစိန်မြို့နယ်က စာသင်ဝိုင်းလေးတစ်ခု ရှိရာနေရာကို ကိုဖြိုးကိုကိုမောင်တို့ သွားနေကြတာပါ။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ “ရေချမ်းစင်” နာမည်နဲ့ စာသင်ဝိုင်းလေးကို အကောင်အထည် ဖော်ခဲ့ကြတာပါ။
“အခြေခံလူတန်းစားတွေထဲမှာမှ ဒီလေလွင့်ကလေးငယ်တွေဆိုတာ ဟိုးအောက်ဆုံးအဆင့်မှာ ရှိနေတယ်။ အဲဒီတော့ သူတို့ကို ကျွန်တော်တို့က ကိုယ်စားပြုပေးဖို့ လိုအပ်တယ်။ အဓိက ကျွန်တော်တို့ အတ္တတွေ၊ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေဆိုတာထက် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို အဓိကရည်ရွယ်ပြီးတော့မှ လမ်းကြောင်းတစ်ခုပေါ့။ ဒီပညာရေးစနစ် လမ်းကြောင်းတစ်ခုကို ပုံဖော်ပေးနေတာပါ”
ကိုဖြိုးကိုကိုမောင်က ဂျပန်ဘာသာစကား သင်ပေးတဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့သင်တန်းက ရတဲ့ဝင်ငွေတချို့နဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေကို စုပေါင်းပြီး စာသင်ဝိုင်းလေးတွေကို လည်ပတ်နေတာလို့ ဆိုပါတယ်။
“ဒီစာသင်ဝိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီနဲ့ စာသင်ချင်လို့လာကြတဲ့ ကလေးငယ်တွေကို တွေ့ရပါတယ်”
စာသင်ဝိုင်း စတည်ထောင်ချိန်မှာ ကလေးငါးဦးကိုသာ သင်ပေးနိုင်ခဲ့ပေမယ့် အခုတစ်နှစ်ကျော်အတွင်းမှာ ကလေးဦးရေ ရှစ်ရာခန့်အထိ စာသင်ဝိုင်း ဆယ်ဝိုင်းတည်ထောင်ပြီး စာသင်ပေးနေပါပြီ။
အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်မြို့နယ်နဲ့ ဒလမြို့နယ်မှာ သင်ကြားပေးနေကြတာပါ။ စေတနာ့ဝန်ထမ်းအဖြစ် အသက် ၁၈ နှစ်ကနေ ၃ဝ ကြား လူငယ်သုံးဆယ်လောက် ပါဝင်သင်ကြားပေးနေတာဖြစ်ပါတယ်။
“ညီမတို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရတယ်ပေါ့နော်။ ကလေးတွေ စာသင်ခန်းထဲ မသွားဘူး။ အလုပ်တွေ လုပ်နေကြရတယ်။ အဲဒါတွေအတွက်က ဘာပဲဖြစ်ဖြစ် လူသားတိုင်းပါပဲ တာဝန်ရှိတယ်လို့ထင်တယ်။ အခုချိန်က ဒီအတိုင်းပဲဆိုပေမယ့် နောင်လာမယ့် အနာဂတ်မှာ ဒါတွေက ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်ပေါ့”
အသက် ၂၂ နှစ်အရွယ် နော်သဲလေးဝါးက ကျောင်းတစ်ဖက်နဲ့ လှိုင်သာယာမြို့နယ်၊ တံတားဖြူ စာသင်ဝိုင်းမှာ စေတနာ့ဝန်ထမ်းဆရာမအဖြစ် စာသင်ပေးနေသူပါ။
ဒီစာသင်ဝိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီနဲ့ စာသင်ချင်လို့လာကြတဲ့ ကလေးငယ်တွေကို တွေ့ရပါတယ်။
“စာတတ်ရင် ပညာတတ်ကြီးဖြစ်မှာ။ သူများခိုင်းတာလည်း မလုပ်ရဘူး။ အင်ဂျင်နီယာလည်း လုပ်လို့ရတယ်။ ဆရာဝန်လည်းလုပ်လို့ရတယ်။ စာတတ်ရင် ဘာမဆို လုပ်လို့ရတယ်။ အရင်တုန်းက သား ပိုက်ဆံတောင်းတာ။ စာအိတ်ကမ်းတာ။ တစ်ခါတလေကျရင် သား ရှက်လည်းရှက်တယ်။ ရှာလည်း မရှာချင်ဘူး။ အမေကိုရှာကျွေးရတာ မရရအောင်ရှာရမှာ”
အသက်ကိုးနှစ်အရွယ် မောင်ရှိုင်းထက်ကိုကလည်း လမ်းဘေးမှာ မုန့်ကြော်ရောင်းတဲ့ မိခင်ဖြစ်သူနဲ့ စျေးကူရောင်းရင်း စာသင်နေပါတယ်။
“သားအမေနဲ့ သားလိုက်လိုက်သွားတာ။ သားအမေက တစ်ယောက်တည်း ရောင်းနေရမှာစိုးလို့ ခေတ်ကာလကလည်း မကောင်းလို့ သားလိုက်လိုက်ပေးသွားတာ။ သားအမေကို သနားလို့။ ဆရာတွေက သားတို့ကို စာတွေ အများကြီးသင်ပေးတယ်။ သားတော်တော်ရနေပြီ။ ဒီမှာစာသင်ရင်းနဲ့ သားပညာတတ်ကြီးဖြစ်သွားရင် စားဖိုမှူးလုပ်မယ်လို့ သားက ရည်မှန်းချက်ရှိတယ်”
မြင့်မားတဲ့ အထွေထွေ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေနည်းပါးမှုကြား လောက်ငအောင် နေ့စဉ်ရုန်းကန်နေကြတဲ့ မိသားစုတွေဟာ ကလေးစာသင်ဖို့ ကျူရှင်ခအနည်းဆုံး တစ်လကျပ်ငါးသောင်းနဲ့ တစ်သိန်းကြား ကုန်ကျစရိတ်ကို မတတ်နိုင်ကြပါဘူး။ အခုလို အခမဲ့ပညာရေးစနစ်က သူတို့အတွက် အများကြီး အထောက်အပံ့ဖြစ်စေတယ်လို့ လှိုင်သာယာမြို့နယ်က ကလေးမိခင်တစ်ဦးဖြစ်တဲ့ ဒေါ်စီစီလှိုင်က ပြောပါတယ်။
“အခုလို လာသင်ပေးတဲ့ ဆရာလေးတွေလည်း ကျေးဇူးတင်ပါတယ်။ အခုကလေးတွေလည်း ဝလုံးလေးတွေလည်း ရေးတတ်ပါပြီ။ ကကြီးလေးတွေလည်း ရေးတတ်ပါပြီ။ ဝမ်းသာပါတယ် မိဘကတော့။ စာတတ်စေချင်ပါတယ် သားသမီးတွေအကုန်လုံးကို။ ဒါပေမဲ့ စားဝတ်နေရေးအတွက် ဒုက္ခရောက်ပြီးတော့ သူတို့ဘက်ကို မလှည့်နိုင်ဘူး”
တချို့ကလေးတွေမှာ စာတတ်မြောက်ရေးထက် နေထိုင်ရေးနဲ့ ဝမ်းရေးက ပိုအရေးကြီးနေတာကြောင့် အသေးစားလုပ်ငန်း ဖန်တီးပေးရတာ၊ အိမ်လခ စိုက်ထုတ်ပေးရတာမျိုးတွေလည်း ရှိတယ်လို့ ရေချမ်းစင် အခမဲ့စာသင်ဝိုင်း တည်ထောင်သူက ပြောပါတယ်။
ကိုဖြိုးကိုကိုမောင်တို့ဟာ အခုနောက်ပိုင်းမှာ လေလွင့်ကလေးငယ်တွေကို စာသင်တာတစ်ခုတည်းမဟုတ်တော့ဘဲ ကွန်ပျူတာ၊ လက်မှုပညာနဲ့ ဘာသာစကားတွေပါ သင်ကြားပေးနိုင်အောင် စီစဉ်နေပါပြီ။
စာသင်ကျောင်းနဲ့ ဝေးကွာနေပြီး ကျောင်းပြင်ပ ပညာရေးပုံစံနဲ့ စာသင်နေရတဲ့ ကလေးတွေအတွက် စာကြည့်တိုက်တွေ တည်ထောင်ပေးဖို့အထိ အခမဲ့စာသင်ဝိုင်းတည်ထောင်သူ ကိုဖြိုးကိုကိုမောင်နဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေက ရည်ရွယ်ထားကြပါတယ်။