ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်က ဝမ်းရေးအတွက်ရုန်းကန်နေရသူများ

RFA Burmese
2023.05.12
ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်က ဝမ်းရေးအတွက်ရုန်းကန်နေရသူများ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ် အမှတ်(၁) တိုးချဲ့ရပ်ကွက်တွင်နေထိုင်သူ မဝေဝေလွင်နှင့် သူ၏ကလေးတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၂၀၂၀ နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်း စီးပွားရေး အကြီးအကျယ်ကျဆင်းပြီး စားဝတ်နေရေး ကျပ်တည်းသူတွေပိုများ လာပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ် အမှတ်(၁) တိုးချဲ့ရပ်ကွက်မှာ နေထိုင်သူတွေ ပါဝင်ပါတယ်။ အဲဒီရပ်ကွက်က အသက် ၆၀ ကျော်အရွယ် ဦးသန်းထွေးဟာ ဝင်ငွေရဖို့ ဆိုင်ကယ်ဘေးတွဲမောင်းပြီး မိသားစုကို ခက်ခက်ခဲခဲ ရှာဖွေကျွေးမွေးနေသူပါ။

ဆိုင်ကယ်ကယ်ရီဆွဲတဲ့အပြင် တခြားဝင်ငွေရမယ့် အလုပ်မှန်သမျှကို လုပ်ကိုင်နေပေမယ့် အိမ်ငှားခ၊ ဝယ်သုံးရတဲ့ ရေဖိုးနဲ့ နှစ်ဆကျော်မြင့်တက်သွားတဲ့ ကုန်စျေးနှုန်းကြောင့် သူ့မိသားစု နေ့စဉ် ထမင်းနပ်မှန်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

"အရင်အချိန်တုန်းက ဟင်းကောင်း နေ့တိုင်းစားနိုင်ပေမယ့် ဒီအချိန်မှာ ဟင်းကောင်း နေ့တိုင်းစားဖို့ဆိုတာ မနက်ပိုင်းတစ်ချိန်ကိုတောင်မှ တော်တော်စဉ်းစားရတယ်။ ကိုယ်က မိသားစုလေးဦး ရှိတယ်။ ခုနစ်ထောင်၊ ရှစ်ထောင်မှမရရင် အဆင်မပြေဘူး။ ဆီထည့်ခမပါ အလွတ်ပေါ့။ အဲဒီလိုရအောင်လည်း နေပူပူ၊ မိုးရွာရွာ မောင်းရတာပေါ့။ ဒါတောင် ဒီလဆိုရင် အိမ်လခ မပေးနိုင်သေးဘူး။ ရှာရဦးမယ်၊ စုရဦးမယ်"

ဦးသန်းထွေးမှာ သမီး နှစ်ယောက်ရှိပြီး တစ်ယောက်က ၁၆ နှစ်၊ နောက် တစ်ယောက်က ၁၈ နှစ်ပါ။ ဇနီး အပါအဝင် မိသားစု လေးဦးစလုံးရဲ့ ဝမ်းရေးအတွက် ဖခင် ဦးသန်းထွေးကပဲ ဦးဆောင်ရှာဖွေပါတယ်။

"ခုနစ်ထောင်၊ ရှစ်ထောင်မှမရရင် အဆင်မပြေဘူး။ ဆီထည့်ခမပါ အလွတ်ပေါ့။ အဲဒီလိုရအောင်လည်း နေပူပူ၊ မိုးရွာရွာ မောင်းရတာပေါ့"

သူနေတဲ့ ရပ်ကွက်မှာ အခြေခံလူတန်းစား ဆင်းရဲသားအများစုနေထိုင်တာမို့ ခက်ခဲပင်ပန်း ပေမယ့် ဘဝတူတွေကို ကြည့်ပြီး ဖြေသိမ့်နေရတယ်လို့ ဦးသန်းထွေးက ဆိုပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး အဲဒီအထဲက ခုနစ်သန်း ကျော်က ရန်ကုန်တိုင်းမှာနေထိုင်ပါတယ်။ အဲဒီအထဲမှာ လေးသိန်းကျော်က အိုးမဲ့အိမ်မဲ့တွေ ဖြစ်ပါတယ်။

ဦးသန်းထွေးနဲ့ တစ်ရပ်ကွက်တည်းနေသူ မဝေဝေလွင်ကတော့ မိသားစုဝမ်းရေးအတွက် ဘူးခွံကောက်ပြီး ဖြေရှင်းနေရသူပါ။

လက်ရှိမှာ ဆန်ကြမ်းတစ်ပြည်ကို ကျပ် သုံးထောင်ဝန်းကျင် ရှိလာတာကြောင့် ထမင်းနပ်မှန်ဖို့အတွက် အရင်ကထက် ပိုပြီး ရုန်းကန်လှုပ်ရှားနေရတယ်လို့ မဝေဝေလွင်က ပြောပါတယ်။

"ဘူးပလုံကောက်တာတော့ ပုံမှန်မရှိဘူး။ တစ်ခါတလေကျရင် ငါးထောင်၊ တစ်ခါတလေကျရင် ခြောက်ထောင်၊ သုံးလေးထောင်ပေါ့၊ အဲဒီလောက်ပဲ ရတယ် ပုံမှန်ပေါ့။ ဆန်တစ်ပြည်ဖိုး၊ ဟင်းတစ်ခွက်စာလောက်ပဲ ဒီလောက်ပဲ ရတာပေါ့"

မဝေဝေလွင်မှာ ကလေးနှစ်ယောက် ရှိပြီး အကြီးက ၁၀ နှစ်၊ အငယ်လေးက အသက် ခြောက်နှစ်သာ ရှိသေးတာမို့ ပိုပြီး ရုန်းကန်ရပါတယ်။

မကြာခင် မိုးရာသီရောက်တော့မှာမို့လို့ အမိုးအကာမလုံတဲ့ နေရာထိုင်ခင်းအတွက်လည်း ရှာဖွေ စုဆောင်းနေရတယ်လို့ သူက ပြောပါတယ်။ မိုးရာသီဆို အလုပ်အကိုင် ပိုရှားပြီး ကုန်ဈေးနှုန်း ပိုတက်လေ့ရှိတဲ့အတွက် စားဝတ်နေရေးအတွက် ကြိုတွေး၊ ကြိုပူ နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီတုန်းက အလုပ်မရှိလို့ မဝေဝေလွင်တို့ မိသားစု သူများပေးစာကမ်းစာကိုပဲ စားခဲ့ရပါတယ်။ တချို့ ရက်တွေမှာ လူကြီးတွေက အငတ်ခံပြီး ကလေးတွေကိုပဲ ဦးစားပေးခဲ့ရတာပါ။

လွန်ခဲ့တဲ့ သုံးနှစ်ကဆိုရင် ဘူးခွံကောက်လို့ရတဲ့ တစ်ရက်လုပ်အားခနဲ့ မိသားစုဝမ်းဝအောင် စားခဲ့ရပေမယ့် ဒီနှစ်မှာ ဘယ်လိုမှအဆင်မပြေတော့ဘဲ တစ်ရက်ထက်တစ်ရက် ပိုကျပ်တည်းလာတယ်လို့ သားသမီး ခုနစ်ဦး ရှိတဲ့ ကိုဆန်းသူရနဲ့ မနုနုဝေ တို့ ဇနီးမောင်နှံက ပြောပါတယ်။

"ဒီနှစ်ဆိုရင် ပိုဆိုးပြီ။ စီးပွားရေး လုံးဝ ရှာလို့မရတော့ ကလေးတွေ ဘယ်လို ကျောင်း ဆက်ထားရမလဲ။ ဒါမျိုးလေးတွေပေါ့နော်၊ အခက်အခဲကပြောမနေနဲ့၊ ရှင်းပြရင် တစ်ထောင့်တစ်ညလိုပဲ ပြီးမှာမဟုတ်ဘူး။ ပို၍ ပို၍တောင် နက်နဲလာသလို ပိုပြီး ရှုပ်ထွေးလာတယ်။ ပိုပြီးတော့ကို ကျပ်တည်းသွားတဲ့ အချိန်ကို ရောက်သွားပြီ"

"ဆန်တစ်ပြည် သုံးထောင်ပေးဝယ်ရတယ်။ အဲဒါအညံ့ဆုံးဆန်နော်။ အဲဒီ သုံးထောင် ပေးဝယ်ရတဲ့ ဆန်ကို တစ်နေ့ကို နှစ်ပြည် ချက်ရတယ် အိမ်မှာ။ ကလေးတွေနဲ့။ သမီးယောင်္ကျားရှာတဲ့ပိုက်ဆံနဲ့ တစ်ခါတလေကျရင် မလုံလောက်ဘူး။ တစ်နေ့ လာလည်း ကန်စွန်းရွက်၊ တစ်နေ့လာလည်း ဟင်းကောင်းဆိုတာ ကလေးတွေ အတွက်မရှိတော့ဘူး။ အရင်တုန်းကတော့ ရှိတယ်ပေါ့နော်။ အခုတော့ မရှိတော့ဘူး။ အဆင်ကမပြေတာ တော်တော်ကို ဖြစ်လာတယ်"

ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်သည့် ကိုဆန်းသူရတို့ မိသားစုအား ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်သည့် ကိုဆန်းသူရတို့ မိသားစုအား ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကိုဆန်းသူရနဲ့ မနုနုဝေမှာ သားသမီး ခုနစ်ဦး ရှိပြီး အကြီးဆုံးက ၁၅ နှစ်၊ အငယ်ဆုံးက အသက် နှစ်နှစ်သာ ရှိပါသေးတယ်။ သားသမီးများတဲ့အတွက် သူတို့ ဇနီးမောင်နှံ ပိုပြီး ရုန်းကန်ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တိုးတက်မှုအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျနေပြီး၊ လာမယ့် စက်တင်ဘာလ ဘဏ္ဍာနှစ်ကုန်မှာ နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှု ၃ ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က အခုနှစ် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုဆိုးလာတာ၊ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာနဲ့ အုပ်ချုပ်သူတွေရဲ့ မူဝါဒအမှားအယွင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုအခြေအနေ နိမ့်ကျသွားတာတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။