ဆီဈေး နှစ်ဆကျော်ထိ မြင့်တက်နေလို့ အငှားယာဉ်မောင်းတွေ ခက်ခဲနေ

2021.11.14
ဆီဈေး နှစ်ဆကျော်ထိ မြင့်တက်နေလို့ အငှားယာဉ်မောင်းတွေ ခက်ခဲနေ ရန်ကုန်မြို့က Taxi အငှားယာဉ်များ CNG ဖြည့်ဖို့ စောင့်ဆိုင်းနေတာကို ၂၀၂၁၊ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်အာဏာသိမ်းပြီး ကိုးလကျော် ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ အရင်ကထက် နှစ်ဆကျော် မြင့်တက်လာတာကြောင့် ကားမောင်းတဲ့သူတွေဟာ CNG ဂတ်စ်တွေကို ပိုသုံးလာကြပါတယ်။

CNG ဂတ်စ် အရောင်းဆိုင်တွေမှာလည်း တန်းစီလာတဲ့သူတွေ များလာတဲ့အတွက် ဂတ်စ်ဖြည့်ဖို့ တစ်ရက် တစ်ရက်ကို အချိန် ၃ နာရီကနေ ၅ နာရီကျော်အထိ စောင့်ဆိုင်း အချိန်ပေးနေကြရပါတယ်။ ဒါကြောင့် taxi အငှားယာဉ်မောင်းသမားတွေ ခက်ခဲနေကြတယ်လို့ RFA ကို ပြောကြပါတယ်။

CNG ဂတ်စ်ရဖို့အတွက် ဆိုင်ဖွင့်ချိန် မနက် ၆ နာရီတိုင်ခင်ကတည်းက ဂတ်စ်ဖြည့်ချင်တဲ့ကား အစီးတစ်ရာ လောက် စောင့်ဆိုင်းနေကြတယ်လို့ အငှားယာဉ်မောင်းတစ်ယောက်ဖြစ်သူ ဦးမြင့်မောင် (နာမည်လွှဲ) က ပြောပါတယ်။

"မနက် ခြောက်နာရီလောက် ဂတ်စ်ဆိုင်သွားတော့ အနီးပတ်ဝန်းကျင် ရပ်ကွက်တွေထဲ ညကတည်းက တန်းစီနေတဲ့ကားတွေ အစီး ၇၀ ကျော်လောက်အထိ ရှိတယ်ဆိုတော့ အဆင်မပြေဘူး၊ ပေးရမယ့် အုံနာကြေးကလည်း မကိုက်တော့ဘူး”

စက်သုံးဆီဈေးနှုန်းဟာ စစ်အာဏာ သိမ်းပြီးခါစ ဖေဖော်ဝါရီ ၁ ရက်က ဓာတ်ဆီ အောက်တိန်း ၉၂ အမျိုးအစား တစ်လီတာကို ၆၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၇၀၅ ကျပ်ပဲ ရှိခဲ့ပေမယ့် အခု နိုဝင်ဘာလထဲမှာတော့ အောက်တိန်း ၉၂ တစ်လီတာကို ၁၄၅၅၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၅၅၀ ကျပ်အထိ ရှိတာကြောင့် နှစ်ဆကျော်ထိ ဈေးမြင့်တက်နေတယ်လို့ အငှားယာဉ်မောင်းသမားတွေက ပြောပါတယ်။

အငှားယာဉ်အများစုဟာ ဂိတ်တွေကနေ ခရီးသည် စောင့်ရကြတာမျိုးရှိသလို လှည့်ပတ်မောင်းရင်းနဲ့ ခရီးသည်ရှာကြရတာလည်း ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ဂတ်စ်ရဖို့အရေး သုံးနာရီကနေ ငါးနာရီလောက် တန်းစီစောင့်နေရတာကြောင့် လှည့်ပတ်ပြီး ခရီးသည်ရှာဖို့ အချိန် နည်းသွားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အစစအရာရာ ကုန်ဈေးနှုန်းတွေလည်းတက်၊ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် တက္ကစီအငှားစီးတဲ့ ခရီးသည်တွေလည်း လျော့နည်းလာတယ်လို့ အငှားယာဉ်မောင်း ဦးထွန်းလင်းအောင် (အမည်လွှဲ) က ပြောပါတယ်။

"ကျွန်တော်က CNG ဆိုတော့ အပြင်မှာ ပတ်မောင်းလိုက်တာနဲ့ ခရီးသည်က စီးတာနဲ့ တချို့ငွေကြေး အဆင်မပြေကြတော့လို့ Taxi မစီးနိုင်ကြတော့တဲ့သူတွေ ရှိလာတော့ ဝင်ငွေကတော့ တော်တော်လေးကို ကျသွားတာပေါ့။ CNG တစ်အိုးကို တစ်သောင်းကျော်ကျပြီးတော့ တစ်ခါတစ်လေ အုံနာကြေး ဂတ်စ်ဖိုးနဲ့တင် အိမ်ပြန်ရတာတွေလည်း ရှိတယ်။ အဲလိုရက်တွေတောင် ကြုံခဲ့ရတယ်"

cng-shop.jpg
ရန်ကုန်မြို့က CNG ဂတ်စ်အရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၁၊ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်အာဏာမသိမ်းခင်၊ စက်သုံးဆီဈေးနှုန်းတွေ မမြင့်တက်ခင်က ဂတ်စ်ဖြည့်ချိန်ဟာ အများဆုံး နာရီဝက် လောက်သာ ကြာတယ်လို့ ဆိုပါတယ်။ အခုတော့ ဂတ်စ်ရဖို့ အချိန်တွေပေးပြီး စောင့်ရပေမယ့် လိုချင်တဲ့ ပမာဏလည်း မရနိုင်တာကြောင့် ခဏလောက် ကားပတ်မောင်းလိုက်ရင် ဂတ်စ်က ကုန်သွားပြီမို့ ထပ်ဖြည့်ဖို့ ထပ်စောင့်ရပြန်တယ်လို့ ကားမောင်းသူတွေက ပြောပါတယ်။

အငှားကားယာဉ်မောင်းအများစုဟာ ကားပိုင်ရှင်တွေကတစ်ဆင့် ယူမောင်းကြပြီး တစ်ရက်ကို ကားအသုံးပြုခ ကျပ် ၁၂၀၀၀ ကနေ ၁၅၀၀၀ ဝန်းကျင် ပေးရပါတယ်။ ဂတ်စ်ဖြည့်ခက တစ်ရက်ကို ၁၅၀၀၀ လောက် ကုန်ကျပါတယ်။

အရင်က တစ်ရက်ကို ဝင်ငွေ လေးသောင်းကနေ ငါးသောင်းရပေမယ့် စစ်အာဏာသိမ်းပြီး အခုနောက်ပိုင်းမှာ တစ်ရက်ကို ဝင်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲလောက်သာ ရကြတယ်လို့ ဆိုပါတယ်။

အဲဒီရတဲ့ငွေဟာ ကားပိုင်ရှင်ကို ပြန်ပေးရတဲ့ငွေ၊ ဂတ်စ်ဖြည့်ဖို့ ကုန်တဲ့ငွေ နုတ်လိုက်ရင် ဘာမှမကျန်တော့ဘူး လို့ အငှားယာဉ်မောင်း ကိုထွန်းလင်းအောင်က ပြောပါတယ်။

"အဆင်မပြေကြတော့ဘူးလေ။ ခရီးသည် နည်းတာရယ်၊ ဂတ်စ်ဆိုင်မှာ အချိန်ကုန်သွားတာတွေရယ်က တစ်ကယ့်တစ်ကယ် တစ်ရက်ကို တစ်သောင်းခွဲ နှစ်သောင်းရတဲ့ ရက်တွေဆို ဂတ်စ်ဖိုးရယ်၊ အုံနာကြေး ရယ် နုတ်၊ ပြင်ဆင်စားရိတ်ပါ နုတ်ရင် ကိုယ့်အတွက် သုံးလေးထောင်နဲ့ အန္တရာယ်ကြားထဲမှာ အလုပ်လုပ် နေရတာပဲ အဖတ်တင်သွားတာပေါ့၊ တချို့စားဝတ်နေရေး မပြေလည်တဲ့သူတွေကျတော့ ဒီထဲကနေ တချို့ အုံနာကြေး စိုက်ရတဲ့သူတွေရှိတယ်။ စပေါ်ထဲကနေ နုတ်လာရင်း နောက်ဆုံး စားပေါ်ကုန်တဲ့အထိ ဖြစ်ကုန်ရော"

အငှားကားမောင်းနေရင်း ဝင်ငွေအရနည်းလာတာကြောင့် တချို့ကတော့ ကားမမောင်းတော့ဘဲ ငှားထားတဲ့ ကားတွေ ပြန်အပ်ကြတာတွေလည်း ရှိနေပါတယ်။

"ဆိုက်ကားကနေ ကားတက်မောင်းနေတဲ့သူတွေ ဆိုက်ကား ပြန်နင်းကြတဲ့သူတွေ ရှိတယ်"

တချို့ဆိုရင် ကားမောင်းလို့ အဆင်မပြေလို့ ဆိုက်ကားနင်းတဲ့အလုပ်ကို ပြောင်းလုပ်နေကြသူတွေလည်း ရှိတယ်လို့ အငှားယာဉ်မောင်း ဦးမြင့်မောင်က ပြောပါတယ်။

"ဂိတ်မှာလည်း တချို့ အသက်နှစ်ဆယ်ကျော်အရွယ်လေးတွေ ကလေးတွေပေါ့၊ ကားပြန်အပ်ပြီး တော့ Food Panda ပြန်နင်းနေတယ်။ စက်ဘီးပြန်နင်းနေတယ်။ လေးဘီးသမားက နှစ်ဘီးဖြစ်နေတယ် အဲလိုမျိုးတွေ ရှိတာပေါ့။ ဆိုက်ကားကနေ ကားတက်မောင်းနေတဲ့သူတွေ ဆိုက်ကား ပြန်နင်းကြတဲ့သူတွေ ရှိတယ်"

မိသားစုတစ်စုလုံးမှာ အရင်က သူ့အလုပ်သူလုပ်၊ ကိုယ့်ဝင်ငွေကိုယ် ရှာနိုင်ကြသေးပေမယ့် စစ်အာဏာ သိမ်းပြီးနောက် တချို့စီးပွားရေးလုပ်ငန်းတွေလည်း မလည်ပတ်နိုင်တော့တဲ့ အခြေအနေတွေကြောင့် အလုပ်ကနေ အနားခံကြရပါတယ်။

ဒါကြောင့် မိသားစုတစ်ခုလုံးမှာ စီးပွားရှာဖွေနိုင်သူက နည်းလာသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးလာတာမို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေးတွေ ကျပ်တည်းလာရတယ်လို့ ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။