ထိုင်းနဲ့ မြန်မာ ဖန်တီးမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာပွဲတော် ချင်းမိုင်မှာပြုလုပ်
2024.09.13
LIMBO ပွဲတော်လို့ နာမည်ပေးထားတဲ့ ယဥ်ကျေးမှုဆိုင်ရာပွဲတော်ကို ထိုင်းနဲ့ မြန်မာအနုပညာရှင်တွေ ပူးပေါင်းပြီး စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂၉ ရက်အထိ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ပြုလုပ်နေပါတယ်။
ဒီပွဲကို A New Burma အဖွဲ့က စီစဥ်တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့က ချင်းမိုင်မြို့၊ Some Space Gallery မှာ ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ ထိုင်း-မြန်မာ အနုပညာရှင် အယောက်နှစ်ဆယ်ကျော်ရဲ့ တေးဂီတ၊ ပန်းချီ၊ ဓာတ်ပုံ၊ ဗွီဒီယို၊ ရုပ်ရှင် ဇာတ်လမ်းတို၊ Multimedia Installation၊ ကဗျာရွတ်ပွဲ၊ Performance Art တွေပါဝင်ပြီး အမှတ်တရပစ္စည်းတွေလည်း ရောင်းချနေပါတယ်။ ဖွင့်ပွဲညမှာတော့ ထိုင်း အနုပညာရှင် ၇ ဦးနဲ့ မြန်မာအနုပညာရှင် ၇ ဦးတို့ရဲ့ အနုပညာဖန်တီးမှု ၁၅ ခုကို ပြသခဲ့ပါတယ်။
ဒီပွဲကနေ ကိုယ့်နိုင်ငံရဲ့အခြေအနေကို သတင်းစကားပါးနိုင်မယ်ထင်တယ်လို့ ပြပွဲအကြံပေးဖြစ်တဲ့ A New Burma တည်ထောင်သူ မနှင်းက ပြောပါတယ်။
"ဒီမှာ ရွှေ့ပြောင်းမြန်မာအနေနဲ့ ဘယ်လို နေထိုင်နေလဲဆိုတာကိုရော။ မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဒီလိုပြသခြင်းအားဖြင့် သတင်း စကားပါးနေတာပေါ့နော်။ ထိုင်းတင်မဟုတ်ဘဲနဲ့ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာအရေး စိတ်ဝင်စားတဲ့သူတွေကို သိသွားစေနိုင်တယ်။ ဒီနေ့ပွဲဆို ဂျာမန်သံရုံးကပါတယ်။ သြစတေးလျ သံရုံးကပါတယ်။ ဒီကနေတစ်ဆင့် အာဏာပိုင်တွေဆီကိုလည်း အသိပေးနိုင်မယ်လို့ထင်တယ်”
ပြပွဲဖြစ်မြောက်ဖို့ နှစ်နှစ်နီးပါး အချိန်ယူခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“Good bye rebel” နာမည်နဲ့ Photo Essay တစ်ခု၊ Photo Projection လက်ရာနှစ်ခုနဲ့ပါဝင်ထားတဲ့ ကိုအံ့မှူးမဟာက အိပ်မက်တွေပျောက်ဆုံးသွားတဲ့ လူငယ်တွေရဲ့ အကြောင်းတွေကို ဖန်တီးတင်ဆက်ထားတယ်လို့ ပြောပြပါ တယ် ။
ဆက်နွှယ်သောသတင်းများ
ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု
“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရန်ပုံငွေရုပ်ရှင်ပြပွဲ ချင်းမိုင်မှာ ပြုလုပ်
နိုင်ငံတကာဆု ၁၁ ဆုရ Zoomers ရုပ်ရှင်ကား မိတ်ဆက်ပွဲ ချင်းမိုင်မှာပြ
“ပွဲရဲ့ concept က အိမ်ကို ကိုယ်စားပြုတဲ့ concept မျိုး။ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် အိမ်တွေကို စွန့်ခွာလာရတဲ့ လူငယ်တွေရဲ့အကြောင်းနဲ့ အိမ်ကိုစွန့်ခွာလာသူတွေ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုတွေကို အဓိကဖော်ပြချင်တဲ့ အကြောင်းအရာမျိုးတွေ ဖန်တီးဖြစ်ထားတယ်”
LIMBO ဆိုတာကတော့ ထိုင်းနဲ့ မြန်မာနိုင်ငံသား အနုပညာရှင်၊ စားဖိုမှူး၊ ပြပွဲအကြံပေး၊ ဒီဇိုင်းနာ၊ သုတေသီတွေနဲ့ ပညာရှင်တွေ ယာယီစုပေါင်းဖန်တီးမှုဖြစ်ပြီး ပွဲကရလာမယ့်ရန်ပုံငွေဟာ စစ်ကောင်စီက ထောင်သွင်းအကျဥ်းချ ထားသူတွေရဲ့ မိသားစုတွေကို ကူညီဖို့ဖြစ်တယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။