အခက်အခဲတွေကြား ရုန်းကန်နေဆဲ ထိုင်းရောက် မြန်မာများ
2023.10.18
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်သန်းနီးပါးရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
တရားဝင် စာရွက်စာတမ်းနဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမား နှစ်သန်း ရှစ်သိန်း နီးပါးရှိနေပြီး စာရွက်စာတမ်းမရှိတဲ့အလုပ်သမားက သုံးသန်းနီးပါး ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။
“MOU နဲ့ လာတာရှိတယ်၊ ကျွန်တော်တို့လို ပတ်စ်ပို့နဲ့လာတာရှိတယ်၊ နောက်တစ်ခုက ဒီမှာ ပန်းရောင်ကဒ်ပေါ့နော်။ နောက် သက်သေခံလက်မှတ် (CI) ပေါ့နော်။ နောက်တစ်ခုက Seasonal လို့ခေါ်တဲ့ ရာသီအလိုက် လာလုပ်စားတဲ့ အလုပ်သမားတွေရှိတယ်။ သုံးသန်းနား ကပ်လာပြီ။ ဒီအလုပ်သမားအရေးလုပ်တဲ့ အဖွဲ့အစည်းတွေရော ILO တို့က အစပေါ့ ခန့်မှန်းပြီးတော့ ပြောနေတာသည် အနည်းဆုံး နောက်တစ်ဝက်ကတော့ လက်မှတ်မရှိတဲ့သူပေါ့ (Undocumented) ပေါ့။ ဆိုလိုချင်တာက ကျွန်တော်တို့ နိုင်ငံသား အနည်းဆုံး ခြောက်သန်းပတ်ချာလည်လောက်ရှိနေပြီ။”
မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် လူငယ်တွေ ပိုပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်လာကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
ကရင်ပြည်နယ်က ရွှေ့ပြောင်းလာရောက်တဲ့ ကိုစန်းမင်းအောင်က မြန်မာနိုင်ငံမှာ လုပ်တဲ့လုပ်အားခက မိသားစုကို မထောက်ပံ့နိုင်လို့ ထိုင်းမှာ အလုပ်လုပ်နေတာလို့ ပြောပါတယ်။
“ကျွန်တော် စရောက်တာ ၂၀၂၂ ခုနှစ်က၊ ကိုယ့်ဘာသာပဲ ထွက်လာတာ၊ ဒီရောက်မှ သက်သေခံလက်မှတ် (CI) နဲ့ နိုင်ငံကူးလက်မှတ် (Passport) လုပ်တာ၊ ဗမာပြည်ထက်စာရင် အဆင်ပြေပါတယ်၊ တစ်ရက် ဘတ်ငွေ ခြောက်ရာရတယ်။ ဗမာပြည်မှာက နေ့စားခ တစ်ရက် ကျပ် ရှစ်ထောင်၊ ငါးထောင် ဒီလောက်ပဲရတာ။ ဒီမှာနေရတာ သိပ်အခက်အခဲမရှိဘူး။ မိသားစုကို နည်းနည်းပြန်ထောက်ပံ့နိုင်တာပေါ့။ မြန်မာပြည်မှာက တစ်နေ့လုပ်တစ်နေ့စားပဲ၊ နေချင်တာပေါ့ ကိုယ့်နိုင်ငံကိုယ်၊ အခြေအနေအရ ဒီမှာ လာလုပ်စားရတာ”
နောက်တစ်ဦးကတော့ မွန်ပြည်နယ် သထုံမြို့နယ်က မသင်းပျံ့မွှေးပါ။ သူကလည်း ထိုင်းနိုင်ငံကိုရောက်တာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ သူက စားသောက်ဆိုင်တစ်ခုမှာ လုပ်ပါတယ်။ အဲဒီစားသောက်ဆိုင်မှာ အလုပ်သမား ၂၀ ကျော်ရှိပြီး ဆိုင်မန်နေဂျာက လွဲရင် အားလုံးက မြန်မာနိုင်ငံသားတွေပါ။ သူက ရွာမှာအလုပ်မရှိလို့ ထိုင်းနိုင်ငံကို ထွက်လာခဲ့ပြီး မိဘတွေကို ရှာဖွေကျွေးမွေးနေတာပါ။
“ရွာမှာ အလုပ်လုပ်ဖို့ အဆင်မပြေဘူးပေါ့နော်၊ အလုပ်လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ ဒီမှာ တစ်လကို ဘတ်ငွေခုနစ်ထောင်ကျော်လောက်တော့ရတယ်၊ မုန့်ဖိုးချန်ထားပြီး ငါးထောင်ပြန်ပို့တယ်။”
ကိုဗစ် ကပ်ရောဂါ မဖြစ်ခင်က နေရပ်ပြန်ခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေလည်း စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ပြန်ပြီး အလုပ်လုပ်လာကြတာတွေ တွေ့ရပါတယ်။
ဘန်ကောက်မြို့က တရုတ်လူမျိုးတစ်ဦးပိုင်တဲ့ စားသောက်ဆိုင် နှစ်ခုမှာဆိုရင် မြန်မာနိုင်ငံသား လေးဆယ်နီးပါး အလုပ်လုပ်ကိုင်နေကြပါတယ်။
ဒီဆိုင် နှစ်ဆိုင်မှာ မြန်မာနိုင်ငံသားတွေကိုယ်တိုင် ချက်ပြုတ်ရောင်းချနေတာပါ။ ဆိုင်ကို ကြီးကြပ်သူတစ်ဦးဖြစ်တဲ့ ထားဝယ်မြို့သား ကိုအောင်က မိသားစု စီးပွားရေး အရ ထိုင်းမှာ အလုပ်လုပ်နေတာလို့ ပြောပါတယ်။
“မိသားစု စီးပွားရေးအခြေအနေအရပေါ့၊ အမျိုးသမီးက မြန်မာပြည်မှာ။ ဒီမှာ သားတော့ပါလာတယ်။ အခက်အခဲကတော့ သိပ်မရှိပါဘူး၊ ဘတ် (အလုပ်လုပ်ခွင့်ကဒ်ရဖို့) ကိစ္စလေးပဲ နည်းနည်းရှိတယ်။ မွေးရပ်ကို ပြန်ချင်တာပေါ့”
ထိုင်းရောက် မြန်မာအလုပ်သမားတွေဟာ အများအားဖြင့် အခြေခံ အလုပ်ကြမ်းတွေ လုပ်ကြရပြီး လစာဝင်ငွေလည်း နည်းပါးကြပါတယ်။ ဒါ့အပြင် လုပ်ခလစာ မရတာတွေလည်း ကြုံရတာတွေရှိတယ်လို့ ဘန်ကောက်မြို့က အထပ်သားစက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုလင်းလင်းက ပြောပါတယ်။
“တစ်ခါတလေလည်း အဆင်ပြေတယ် တစ်ခါတလေ အဆင်မပြေဘူး၊ ကောင်းတဲ့သူဌေးရှိသလို မကောင်းတဲ့ သူဌေးလည်း ရှိတယ်၊ တစ်ခါတလေ လုပ်အားခမရဘူး၊ မြန်မာပြည်မှာ တစ်နေ့လုပ်အားခ မိသားစု သုံးယောက် စားလို့မရဘူး၊ ဒါကြောင့် ပြည်ပထွက် အလုပ်လုပ်ရတယ်၊ ထိုင်းမှာလုပ်တော့ တစ်နေ့လုပ်အားခ မိသားစုတွေ စားလို့ရတယ်”
ဒီလိုအခက်အခဲမျိုးစုံကြုံရပေမဲ့လည်း RFA က တွေ့ဆုံမေးမြန်းခဲ့တဲ့ အလုပ်သမားတိုင်းကတော့ မြန်မာပြည်ကို ပြန်ချင်ကြတာ တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမား လေးသိန်း ခန့်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့မှာ အဲထက်ပိုများနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့တာနဲ့ တစ်ဆက်တည်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် လစဉ်မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။