ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း

RFA Burmese
2024.09.08
ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း မဲဆောက်မြို့ရှိ ပီတိအိမ်ကျောင်းတွင် သင်ကြားနေသည့် ကျောင်းသူတချို့အား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ဒီကျောင်းလေးကို Joy House (ပီတိအိမ်) လို့ နာမည်ပေးထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံဘက်ရောက်လာတဲ့သူတွေ၊ ကျောင်းနေအရွယ်ကလေးတွေကို လူမှုအထောက်အကူပြုသင်တန်းတွေပေးနေတာပါ။ ထိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ဒီကျောင်းကို ကမကထပြုဖွင့်ထားတာဖြစ်ပါတယ်။

"အာဏာသိမ်းမှုတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာပေါ့နော် ကိုယ့်ရဲ့လုံခြုံမှုတွေကြောင့် သော်လည်းကောင်း၊ များစွာသော ပြည်သူပြည်သားတွေ ပြေးလာတယ်၊ ပြေးလာတဲ့အခါမှာပေါ့နော် ကလေးတွေအနေနဲ့ ကျတော့လည်း ထိုင်းကျောင်း join ဖို့ကျတော့လည်း အဆင်မပြေဘူး၊ migrant ကျောင်းတွေမှာကျတော့လည်း ကျောင်းသားလူဦးရေ တိုးလာတာနဲ့အမျှပေါ့နော် ကျောင်းမှာ တက်ဖို့ရန်အတွက် အခက်အခဲရှိလာတဲ့အခါမှာ ကျွန်မတို့ joy house ကပေါ်ပေါက်လာတာဖြစ်ပါတယ်" လို့ ကျောင်း ပြင်ပသင်ကြားရေးတာဝန်ခံ မအဲလိဇဘက်ဝင်းက ပြောပါတယ်။

ကိုယ့်တိုင်းပြည်ကထွက်ပြေးရ၊ နိုင်ငံမဲ့ဘဝနဲ့ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့နေတဲ့သူတွေ စိတ်ဖိစီးမှုဒဏ်သက်သာစေဖို့ ဒီပီတိအိမ်လေးကိုဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

ဂီတ၊ ပန်းချီ၊ ကိုယ်ခံပညာ၊ မြန်မာ့ရိုးရာနဲ့ နိုင်ငံတကာ အက၊ ယောဂ၊ အချက်အပြုတ်သင်တန်း၊ လက်မှုသင်တန်း၊ ဘာသာစကားစတဲ့ သင်တန်းတွေကို အသက်အရွယ်အပိုင်းအခြားအလိုက် သင်ကြားပို့ချပေးနေတာပါ။

အခုတော့ ဒီ Joy House ဟာ မြန်မာကျောင်းသားတွေကိုပါမက ထိုင်းကျောင်းတွေအထိ ဝင်ဆန့်အောင်ကြိုးပမ်းလာနေပါတယ်။

"အခုလက်ရှိမှာတော့ ကျွန်မတို့ သင်တန်း ၆ ခုနဲ့ လုပ်နေတယ်၊အဲ့ဒီထဲမှာမှဘာသင်တန်းတွေပါလဲဆိုတော့ အနုပညာနဲ့ပတ်သက်ပြီးတော့မှတော့ ပန်းချီဆွဲတာပါတယ်။ vocal ပေါ့နော်။ အသံပိုင်းဆိုင်ရာသင်ခန်းစာပါတယ်။ တယောပါတယ်။ ဂီတာပါတယ်။ ပြီးရင် ကျွန်မတို့ ကိုယ်ခန္ဓာအတွက်ပေါ့နော်။ Martial Arts ပေါ့နော် အဲ့ဒီအတန်းပါတယ်၊ language အနေနဲ့ English စကားပြောသင်တန်းလေးကို ကျွန်မတို့ ဖြည့်စွက်ပြီးတော့မှပေါ့နော် တိုးချဲ့ပြီးတော့မှ သင်ကြားပေးနေပါတယ်"

မဲဆောက်မြို့က ထိုင်းအထက်တန်းကျောင်းတွေဖြစ်တဲ့ စဖဝတီရကွန်း၊ မယ်ကု၊ မယ်ပ စတဲ့အထက်တန်းကျောင်းတွေနဲ့လည်း ချိတ်ဆက်ပြီး သင်တန်းပို့ချတာတွေရှိနေပြီး တစ်ပတ်ကို နှစ်ကြိမ် သင်ပေးပါတယ်။


ဆက်နွှယ်သောသတင်းများ

CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း

မြန်မာလူငယ်တွေအတွက် မဲဆောက်မှာ အသက်မွေးဝမ်းကျောင်း သင်တန်းပေးနေ

ထိုင်းက မြန်မာစာသင်ကျောင်း ခြောက်ကျောင်း အပိတ်ခံရ


JoyHouse က မြန်မာဆရာတွေနဲ့ ထိုင်းအထက်တန်းကျောင်းတွေ ချိတ်ဆက်သင်ကြားတဲ့အခါမှာ ဘာသာစကားက အခက်ခဲဆုံးဖြစ်တယ်လို့ ပန်းချီသင်ပေးနေတဲ့ ဆရာ ကိုမဟာနွယ်က ပြောပြပါတယ်။

"အဓိက challenge က ကျွန်တော်တို့ ဒီ ဘာသာစကား အခက်အခဲပေါ့နော်၊ ကျွန်တော်တို့က ဒီထိုင်းစကားလည်း ကောင်းကောင်းမပြောတတ်ဘူး။ သူတို့ကလည်း မြန်မာစကား ကောင်းကောင်းမပြောတက်ဘူး၊ တစ်ခါတစ်လေကျလို့ရှိရင် လက်ဟန်ခြေဟန်နဲ့ ပြောရတာမျိုးရှိတယ်၊ တစ်ခါတစ်လေမှာ English လိုညှပ်ပြီးပြောတာမျိုးရှိတယ်၊ တစ်ခါတစ်လေကျရင်သူတို့ကို ဒီဟာကဘာလဲဆိုတာမေးပြီးမှ ပြန်ပြီးတော့ သူတို့ပြောတဲ့စကားကို ပြန်ပြီးတော့မှ ရှင်းပြတာမျိုးတွေရှိတယ်"

ထိုင်းလူမျိုး ဂီတဆရာ နန့်သဖုံကလည်း ...

"ဒီကျောင်းမှာ ကျွန်တော်က MUSIC ဆရာဖြစ်တယ်။ မယ်ပကျောင်းရဲ့ music ဆရာဖြစ်တယ်။ လက်ရှိ ဒီmusic သင်တန်းနဲ့ပတ်သတ်ပြီးတော့ ကျွန်တော် တာဝန်ယူထားရတာဖြစ်တယ်။ အခုလုပ်နေတဲ့ ဒီ joy house နဲ့ ပူးပေါင်းပြီးတော့သူတို့ကို ဂစ်တာနဲ့ တယောသင်ဖို့ အခန်းတွေ ပြင်ဆင်ပေးထားပါတယ်။ ကျွန်တော်အတန်းမှာ ကျောင်းသားအယောက် ၃ဝ ရှိပါတယ်။ သင်တန်းမှာ ဘာသာစကားပြောတဲ့အခါမှာတော့ မြန်မာလို ထိုင်းလိုပြောဖို့ နည်းနည်းအခက်အခဲရှိတယ်။ ဒါပေမဲ့ Musicသင်တဲ့နည်းစနစ်တွေအရပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် သင်ယူလို့ရပါတယ်"

ထိုင်းကျောင်းသားတစ်ဦးကလည်း Joy House ရဲ့ သင်တန်းတွေက အထောက်အကူပြုတယ်လို့ပြောပါတယ်။

"ကျွန်တာ်က ၁၀ တန်းမှာ တက်နေတဲ့ ကျောင်းသားဖြစ်တယ်။ တယောကို သဘောကျလို့ music class ကိုလာ Join တယ်၊ ပြီးတော့ ကျွန်တော် tiktok တွေမှာလည်း သင်ကြားတာတွေ့တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က တယောမဝယ်နိုင်သေးတဲ့အတွက်ကြောင့်မို့ပေါ့နော်။ Joy House ကနေပြီးတော့တယောတွေယူလာပြီးသင်ပေးတယ်ဆိုတော့ ဒီအတန်းလေးကို join ဖြစ်တာ ဖြစ်တယ်။ ပြီးရင်တော့ အနာဂတ်မှာကျတော့တီးဝိုင်းအဖွဲ့လိုက်ပေါ့နော် အဲလို တီးရတဲ့ဟာလိုမျိုး ကျွန်တော်စုပြီးလုပ်မယ်။ အခုတယောသင်တာကတော့ဘာသာစကား နားမလည်တာမျိုးနည်းနည်း ရှိပေမယ့် သူငယ်ချင်းတွေက ဘာသာပြန်ပေးတယ်။ ဝိုင်းကူညီပေးတယ်"

Joy House ဟာ ၂ဝ၂၃ ခုနှစ်ကစလို့ ထိုင်းအထက်တန်းကျောင်းတွေနဲ့ ချိတ်ဆက်သင်ကြားလာတာဖြစ်ပြီး၊ စသင်သင်ချင်းမှာတော့ ထိုင်းကျောင်းသား ၄၆ ယောက်လောက်ပဲရှိပါတယ်။ အခုတော့ ထိုင်းကျောင်းသား အယောက်တစ်ရာကျော်အထိ သင်ကြားပေးနိုင်နေပြီလို့ဆိုပါတယ်။ အခုနောက်ထပ်ကျောင်းတွေ ထပ်တိုးချဲ့နိုင်ဖို့ စီစဉ်နေတယ်လို့လည်း Joy House သင်တန်းကျောင်းရဲ့ ပြင်ပသင်ကြားရေးတာဝန်ခံကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။