ထိုင်းနိုင်ငံရောက် ကယောလူမျိုး ဆင်ထိန်း
2024.12.02
အသက် ၂၂ နှစ်အရွယ် ကယောလူမျိုး ကိုနိုနိုဟာ တိရိစ္ဆာန်မွေးမြူတဲ့ အတွေ့အကြုံ မရှိခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အရင်က အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ကိုင်နေရပါပြီ။
အခုအချိန်မှာ သူက ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မဲ့သိန် (Mae Taeng) ဆင်စခန်းတွေထဲက ထီထီ (Tee Tee) ဆင်စခန်းမှာ မြန်မာပြည်ဖွားတွေဖြစ်တဲ့ ကယောလူမျိုး အမျိုးသားနှစ်ဦးနဲ့အတူ ဆင်ထိန်းလုပ်နေရတာပါ။
သူဟာ စစ်တပ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း တိုက်ပွဲတွေပြင်းထန်လာတဲ့ ကယားပြည်နယ် (ကရင်နီ) ကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို ရောက်လာတာ တစ်နှစ်ဝန်းကျင်ပဲရှိသေးတယ်လို့ ဆိုပါတယ်။
ဒီဆင်စခန်းကိုရောက်လာချိန်မှာ အသက် တစ်နှစ်ဝန်းကျင်ပဲရှိသေးတဲ့ ‘ဆန်းဒေး’ လို့ ခေါ်တဲ့ ဆင်မလေးကို ထိန်းရတယ်လို့ ဆိုပါတယ်။
"ကျွန်တော်စထိန်းရတဲ့ဆင်က ဟိုနားက အမတစ်ကောင်။ သေးသေးလေးပဲဆိုတော့ သူက နွဲ့ဆိုးဆိုးတဲ့အမျိုး။ နည်းနည်း ကိုးလိုးကန့်လန့်တိုက်တာ။ တော်တော်လည်း ထိန်းရတယ်ပေါ့။ သူက နားလည်းမလည်ဘူးလေ။ ထိုင်းစကားလည်း သူလည်းမသိ၊ ကိုယ်လည်းမသိဆိုတော့။ တော်တော်လုပ်ယူရတယ်။ သူ ကိုယ့်ကိုသိအောင်"
ကိုနိုနိုအလုပ်လုပ်နေတဲ့ ဆင်စခန်းမှာ အသက် ၆၀ အရွယ် ဆင်အမ မိုကျောခို့၊ အသက် ၅၅ နှစ်အရွယ် ဆင်အမ မဲ့လမြိုင်၊ အသက် ၄ နှစ်အရွယ် ဆင်အထီးလေး ဘူဖာ၊ အသက် ၃ နှစ်အရွယ် ဆင်အမလေး ဆန်းဒေးနဲ့ အသက်အငယ်ဆုံး ၉ လအရွယ် ဆင်အထီးလေး နမ်ချိုတို့ ရှိပါတယ်။
ကိုနိုနို တို့ရဲ့ ဆင်စခန်းဝန်းကျင်မှာ တခြား ဆင်စခန်းပေါင်းများစွာရှိပြီး ဆင်တွေက အလှပြဖျော်ဖြေတာ၊ ဆင်စီးခွင့်ပေးတာတွေ လုပ်ကြပါတယ်။
သူရဲ့ဆင်စခန်းမှာတော့ လာရောက်ကြတဲ့ဧည့်သည်တွေကို ဆင်တွေနဲ့အတူ လမ်းလျှောက်ခွင့်ပြုတာ၊ ဆင်အစာကျွေးတာ၊ ဆင်အတွက် အာဟာရမုန့်လုပ်တာတွေအပြင် ဆင်တွေနဲ့ ရေချိုးရတာတွေပဲ ခွင့်ပြုထားတာပါ။
မြန်မာပြည်မှာရှိစဥ်က တိရိစ္ဆာန်လေးတွေ မမွေးဖူးခဲ့တဲ့ ကိုနိုနိုဟာ အခုအချိန်မှာတော့ ဆင်လေးတွေက သူရဲ့ သားသမီးတွေဖြစ်နေပြီလို့ ပြောပါတယ်။
"ကျွန်တော့်အမြင်ပြောရရင်တော့ ဖြစ်နိုင်ရင်တော့ ဆင်ကို ခိုင်းမစားစေချင်ဘူး။ ဒီလိုလေးပဲ နိုင်ငံခြားသားတွေကို ပြပေးတာ အကောင်းဆုံးလို့ထင်တာပဲ"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ချင်းမိုင်မြို့ ရေကြီးရေလျှံမှုတွေထဲမှာ မဲ့သိန် (Mae Taeng) ဆင်စခန်းတွေလည်း ပါခဲ့သလို ကိုနိုနိုတို့ရဲ့ ဆင်စခန်းလည်း ရေနစ်မြုပ်ခဲ့ပါတယ်။
"ရေကြီးတုန်းက ကျွန်တော်တို့မနက် ၃ နာရီခွဲကတည်းက နိုးတယ်။ ရေက ဒီအောက်ခြေနားအထိ ရောက်လာတာ။ အဲဒါနဲ့ဆင်တွေကို ကမန်းကတန်း ထဖြုတ်ပြီးတော့ ဆွဲခေါ်သွားရတာ။ ဟိုးအပေါ်ပတ်ပြီး အပေါ်မှာ ပြေးချည်ရတာပေါ့။ အဲဒီတုန်းက တော်တော်ဒုက္ခရောက်လိုက်တယ်"
ရေကြီးချိန်က ကိုယ့်အတွက် အဝတ်အစား နှစ်စုံကလွဲရင် ဘာမှမသယ်နိုင်ဘဲ သားသမီးလိုချစ်ရတဲ့ ဆင်လေးတွေ အန္တရာယ်ကင်းဖို့သာ အဓိကဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
အိမ်လွမ်းသူတွေအတွက် ချင်းမိုင်မြို့က မြန်မာမုန့်ဆိုင်
ချင်းမိုင်က ရေဘေးသင့်သူတွေကို ကူညီနေတဲ့ မြန်မာ ပရဟိတအဖွဲ့
ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု
အခုတော့ သူတို့စခန်းအပါအဝင် ဆင်စခန်းတွေအားလုံးမှာ ရေကြီးတဲ့အတွက် ပျက်စီးခဲ့တာတွေကို ပြန်ပြီး ပြင်ဆင်နေကြပါတယ်။
"ဒီရောက်တာ အသားလုံးဝမကျသေးဘူး အခုထိ။ ပြန်ချင်စိတ်က ရှိနေတုန်းပဲ"
အခြေအနေ အကြောင်းကြောင်းကြောင့်သာ အမိမြေကို စွန့်ခွာလာရပေမဲ့ အိမ်ကို အမြဲ ပြန်ချင်နေတယ်လို့ ကိုနိုနိုက ပြောပါတယ်။
"တော်တော်လွမ်းတာလို့ ပြောရမယ်။ ဒီရောက်တာ အသားလုံးဝမကျသေးဘူး အခုထိ။ ပြန်ချင်စိတ်က ရှိနေတုန်းပဲ။ ဒါပေမဲ့ ကိုယ်မှမလုပ်ရင် ဘယ်သူလုပ်မှာတုန်း။ ဒါကြောင့်မို့ ဘယ်လိုပြောရမလဲ။ ပျော်စရာဆိုတာ တော့ နေရာတိုင်းမှာ ရှာရင် ရှိပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ပျော်အောင်နေပါတယ်"
ကိုနိုနိုအတွက်တော့ သူရဲ့ သားသမီးလိုဖြစ်နေတဲ့ ဆင်ကလေးတွေနဲ့အတူ နေထိုင်းရင်း ပျော်အောင်နေသလို တစ်ဖက်မှာလည်း မြန်မာပြည်က နိုင်ငံရေးအခြေအနေ ကောင်းမွန်လာတဲ့အခါ သူအိမ်ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒါပေမဲ့ သူရဲ့ ဆင်ကလေးတွေနဲ့ ခွဲခွာမဲ့အချိန်ကိုတော့ ကြိုပြီး မတွေးရဲဘူးလို့ ပြောပါတယ်။