ကိုဗစ်နဲ့ စစ်ကြား ရုန်းကန်နေရတဲ့ ချင်းရိုးရာထိုင်ခုံလုပ်ငန်း

2022.11.04
Share on WhatsApp
Share on WhatsApp
ကိုဗစ်နဲ့ စစ်ကြား ရုန်းကန်နေရတဲ့ ချင်းရိုးရာထိုင်ခုံလုပ်ငန်း ကလေးမြို့မှာ ချင်းရိုးရာ ထိုင်ခုံရက်လုပ်နေသူများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းရိုးရာထိုင်ခုံတွေဟာ ချင်းလူမျိုးတွေရဲ့ မိရိုးဖလာ အသုံးအဆောင် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

ဝါး၊ ကြိမ်၊ နွား၊ နွားနောက်သားရေတွေကို အသုံးပြုပြီး ချင်းရိုးရာထိုင်ခုံတွေကို ရက်လုပ် ရပါတယ်။ ရိုးရာထိုင်ခုံတွေကို ရှေးပဝေသဏီကတည်းက ချင်းတိုင်းရင်းသားတွေဟာ ကိုယ်တိုင် ရက်လုပ်အသုံးပြုခဲ့တာပါ။ ဒီနောက်ပိုင်းမှာတော့ ရိုးရာထိုင်ခုံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေ ရှိလာပါတယ်။ အဲဒီထဲမှာ ဦးဆွမ်ဇခါလ်တို့ မိသားစုလည်း ပါဝင်ပါတယ်။ သူတို့မိသားစုဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က ကလေးမြို့မှာ ချင်းရိုးရာထိုင်ခုံတွေ တစ်နိုင်တစ်ပိုင်ရက်လုပ်ရောင်းချရင်း ရှင်သန် ရပ်တည်နေတာပါ။ ဒီရိုးရာ ထိုင်ခုံလုပ်ငန်း လုပ်ကိုင်လာခဲ့တာ အခုဆိုရင် အနှစ်၂၀ ကျော်ရှိပြီလို့ ဦးဆွမ်ဇခါလ်က RFA ကိုပြောပါတယ်။

“ကျနော့် အစ်ကိုက အရင်ဆုံး ဒီလုပ်ငန်းကို လုပ်တာ။ ကျနော်က အစ်ကို့ကို ကူရင်းနဲ့ လုပ်တတ်သွားတာ။ အစ်ကိုဆုံးသွားတဲ့နောက်မှာ ကျနော်ကိုယ်ပိုင် လုပ်ခဲ့တာ။ အခုဆိုရင် လုပ်သက် အနှစ်၂၀ လောက်ရှိပြီ။ ဒီထိုင်ခုံ တစ်ခုံလုပ်ဖို့ ဝါးချောင်းလေးတွေ ၁၂၀ လိုအပ်ပါတယ်။ ဝါးလုံးကနေ ဝါးချောင်း အသေးလေးတွေဖြစ်အောင် စိတ်ခွဲ ရပါတယ်။ အဲဒီနောက်မှာ ဝါးချောင်းတွေကို စည်းဖို့အတွက် နွားသားရေ၊ နွားနောက် သားရေတွေကို သေးသေးလေးဖြစ်အောင် ရေစိမ်ပြီး ကြိုးပုံစံလုပ်ရပါတယ်။ ထိုင်ခုံ အဝိုင်းပုံစံသွင်းပြီးတော့ ဝါးချောင်းလေးတွေကို ယှဉ်ပြီးရက်တယ်။ ထိုင်ခုံပုံစံ ပေါ်လာပြီဆိုမှ အပေါ်က ထိုင်မယ့်နေရာ အဝိုင်းကို နွားနောက်သားရေနဲ့ ဖုံးပြီး အနားကွပ် ရပါတယ်။ ထိုင်ခုံရဲ့ အောက်နားကိုလည်း သားရေနဲ့ကွပ်ရတယ်။ ဝါးချောင်းတွေ ယှဉ်ရက်ထားတဲ့ ထိုင်ခုံအလယ်ပိုင်းကိုလည်း သားရေကြိုးနဲ့ ထိန်းပြီး ချည်ထားတယ်။ အဲဒါမှ ထိုင်ခုံကောင်းတစ်ခုရတယ်”

ဦးဆွမ်ဇခါလ်တို့ မိသားစုဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် လွန်မွလ်( Lun Mual ) ရွာကပါ။ ချင်းတိုင်းရင်းသား အများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကို သူတို့ မိသားစု၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့ အခြေချခဲ့တာပါ။ ချင်းရိုးရာထိုင်ခုံတွေ ပိုရောင်းချနိုင်ဖို့ ရည်ရွယ်ပြီး ပြောင်းရွှေ့ခဲ့တာလို့ သူကပြောပါတယ်။

အခုနောက်ပိုင်း လူအများစုအသုံးပြုတဲ့ ပလက်စတစ်ထိုင်ခုံတွေထက် ချင်းရိုးရာ ထိုင်ခုံတွေက ပိုကောင်းတယ်လို့ ချင်းတိုင်းရင်းသား ကိုလျန်ပူက ပြောပါတယ်။

“အခု အိမ်တော်တော်များများက ကြမ်းခင်းကို သစ်သားပဲ သုံးတာများတဲ့အတွက် ကော်ထိုင်ခုံတွေက ချော်ပြီး ကျိုးတတ်တယ်။ အခု သားရေထိုင်ခုံနဲ့ ကြိမ်ဝါးနဲ့ လုပ်တဲ့ ထိုင်ခုံတွေက ထိုင်တာကြာလို့ တင်ပါးနာတာမျိုးမရှိဘူး။ ချင်းရိုးရာ ထိုင်ခုံလည်း ဖြစ်တော့ အသုံးပြုချင်ကြတာ။ ပြီးတော့ ဒီဟာက ခိုင်တယ်။ တရုတ်လုပ် ကော်ထိုင်ခုံတွေက ပျက်လွယ်တယ်။ အဲတာကြောင့် ချင်းလူမျိုးတွေရဲ့ မိရိုးဖလာ ထိုင်ခုံကို အသုံးပြုကြတယ်”

ချင်းရိုးရာထိုင်ခုံ အသေးတစ်လုံးကို ၃၀၀၀ ကျပ်၊ ခုံအလတ်တစ်လုံးကို ၆၀၀၀ ကျပ်၊ ခုံအကြီးတစ်လုံးကို ၁၅၀၀၀ ကျပ် နဲ့ ဈေးကွက်အတွင်း ရောင်းချနေတာပါ။

"အခုတော့ ၁၀ ခု ရောင်းရဖို့ တောင်မှ ခက်နေတယ်။ ရောင်းအားကျတာပေါ့"

၂၀၂၀ မတိုင်ခင်နှစ်တွေအထိ ချင်းရိုးရာထိုင်ခုံလုပ်ငန်းဟာ အတော်လေး အဆင်ပြေခဲ့ ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုက ရိုးရာလုပ်ငန်းတွေ အပါအဝင် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးဆိုးဝါးဝါး ရိုက်ခက်ခဲ့တာပါ။

ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးမှာ ချင်းရိုးရာ အသုံးအဆောင်တွေ လက်လီလက်ကားရောင်းချနေတဲ့ ချင်းတိုင်းရင်းသူဒေါ်ကျိန်က စစ်အာဏာသိမ်းပြီးနောက် ချင်းရိုးရာထိုင်ခုံ ရောင်းအား သုံးဆနီးပါးကျသွားတယ်လို့ ပြောပါတယ်။

“ဝယ်တဲ့သူတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ အရင်တုန်းကလို မဟုတ်တော့ဘူး။ အရင်တုန်းက ထိုင်ခုံ ၃၀ လောက်အထိရောင်းရတယ်။ အခုတော့ ၁၀ ခု ရောင်းရဖို့ တောင်မှ ခက်နေတယ်။ ရောင်းအားကျတာပေါ့ ”

chin-traditional-chair
ကလေးမြို့မှာ ချင်းရိုးရာ ထိုင်ခုံရက်လုပ်နေသူတစ်ဥိးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စီးပွားရေးကျပ်တည်းလာတဲ့ ပြည်သူတွေဟာ ချင်းရိုးရာထိုင်ခုံတွေထက် ဈေးနှုန်း သက်သာတဲ့ ပလက်စတစ်ထိုင်ခုံတွေကိုပဲ အသုံးပြုတော့တယ်လို့ ရိုးရာထိုင်ခုံ လုပ်ငန်း လုပ်ကိုင်သူ ဦးဆွမ်ဇခါလ်က ပြောပါတယ်။

“ဖောက်သည်တွေက အရင်ခေတ်ကောင်းတုန်းကလို မရောင်းရတော့ဘူးဆိုတော့ ကျနော်လည်း အရင်လို သွင်းလို့မရတော့ဘူး ။ အခုတော့ တစ်လလုံးမှာ ထိုင်ခုံအလုံး ၃၀ လောက်ပဲ ယူတော့တယ်။ အရင်တုန်းကဆိုရင် တစ်ပတ်မှာ ဖောက်သည်က ထိုင်ခုံ ၅၀ လောက်ယူကြတယ်။ ပြန်ရောင်းဖို့ ဝယ်ယူတဲ့ ဖောက်သည် ခြောက်ယောက်လောက် ရှိနေပေမယ့် အရင်လို အရောင်းမသွက်တော့ဘူး။ အခုက ကိုဗစ်-၁၉ နဲ့ နိုင်ငံရေး အခြေအနေ မကောင်းတာတွေကြောင့် တစ်လမှာ ဒီထိုင်ခုံလုပ်တာ ၂ သိန်းလောက်ပဲ ရတယ်။ အရင်တုန်းက ၃ သိန်း လောက်ရတယ်။ ”

ရိုးရာထိုင်ခုံတွေ ရောင်းအားကျသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာကြောင့် စားဝတ်နေရေး ကျပ်တည်းလာတယ်လို့ ဦးဆွမ်ဇခါလ်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကျင်ခန့်ဟွဲ့ကပြောပါတယ်။

“နိုင်ငံရေး မကောင်းတာ၊ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ အချိန်ကစလို့ ရောင်းအား မကောင်းတော့ဘူး။ ကိုဗစ်ရောဂါ ကလေးမြို့မှာ ပိုပြင်းထန်တုန်းက ဖောက်သည်တွေက မဝယ်ကြတော့ဘူး။ ကျမတို့က ဒီအလုပ်နဲ့ပဲ တစ်မိသားစုလုံးကလုပ်ပြီး အသက်မွေးတာ ဆိုတော့ အရမ်းခက်ခဲတယ်။ ကုန်ဈေးတွေကလည်း ကြီးလာတယ်။ ကျမတို့က အိမ်ငှားနေတာ လကုန်လို့ အိမ်လခပေးဖို့၊ စားဖို့၊ သောက်ဖို့အတွက် ဝယ်နေကြ ဖောက်သည်တွေက မယူနိုင်တော့တဲ့အခါမျိုးဆို အိမ်တိုင်းကို လိုက်ရောင်းရတယ် ”

ဦးဆွမ်ဇခါလ်တို့ မိသားစုအပါအဝင် ချင်းရိုးရာ ထိုင်ခုံလုပ်ငန်းလုပ်ကိုင်သူတွေဟာ သူတို့ရဲ့ ရိုးရာပစ္စည်းရက်လုပ်တဲ့ လုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာမယ့် အချိန်ကို မျှော်လင့် နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။