လူစိတ်ဝင်စားမှုများနေတဲ့ ဆင်အမြွှာမောင်နှမ

RFA Burmese
2024.10.24
လူစိတ်ဝင်စားမှုများနေတဲ့ ဆင်အမြွှာမောင်နှမ အမြွှာမောင်နှမ ဆင်ပေါက်လေးများဖြစ်ကြသည့် ဆင်မလေး ပုလဲဆင့်နှင့် ဆင်ထီးလေး ကျော်ပုလဲတို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်‌နေ့က တွေ့ရစဉ်။
Photo: RFA

ပုလဲစန္ဒာ ဆိုတဲ့ ဆင်မကြီးနဲ့ သူမွေးထားတဲ့ အမြွှာမောင်နှမ ဆင်ပေါက်လေးတွေကို ပဲခူးတိုင်း ဘုရားကြီးမြို့မှာရှိတဲ့ ဝင်္ဂဘော်ဆင်စခန်းမှာ တွေ့ရတာပါ။

ဆင်အမြွှာလေးတွေက မိခင်ရဲ့ ဝမ်းဗိုက်အောက်မှာ ဆော့ကစားရင်း နေရောင်အောက်က သဲတွေကို မိခင်လုပ်သလို နှာမောင်းနဲ့ ကျောပေါ် ပက်ယူကစားရတာ၊ သဲတွေနဲ့လူးပြီး စိတ်ကြိုက် ကစားရတာကို နှစ်သက်ကြပါတယ်။ ဆော့လို့ဝရင်တော့ မိခင်နို့ရည်ကို အားပါးတရ စို့တတ်ကြပါတယ်။

အသက်၂၁ နှစ်အရွယ် ဆင်မကြီး ပုလဲစန္ဒာဟာ စီးဆင်အနေနဲ့ ဝင်္ဂဘော်စခန်းကို ရောက်ပြီး တစ်လ လောက်မှာ မမျှော်လင့်ဘဲ ဒီကလေးတွေကို မွေးဖွားခဲ့တာလို့ ဆင်စခန်းတာဝန်ခံ ဦးမြင့်စိုးက ပြောပါတယ်။

"နို့ရည်ကြည်တွေထွက်လာတော့ ဒီဆင်မကြီးက ကိုယ်ဝန်ရှိတယ်။ ကိုယ်ဝန်ရှိလောက်တယ်ဆိုပြီးတော့ ကျွန်တော်တို့က မခိုင်းတော့ဘဲနဲ့ သူ့ကိုဒီအတိုင်းပဲ ထားလိုက်တာပါ။ တစ်လလောက် ကြာတဲ့အချိန်ကျမှ ကျွန်တော်တို့ ဒီဆင်အမြွှာလေးတွေကို မွေးတာပါဗျ"


ဆက်နွှယ်သောသတင်းများ

အာဏာသိမ်းပြီးနောက် တိတ်ဆိတ်သွားတဲ့ ချင်းပြည်နယ်က အပန်းဖြေ ဆင်စခန်း

အစာရေစာ ခက်ခဲလာတဲ့ ချင်းပြည်နယ်က ဆင်စခန်း

တိုက်ပွဲတွေကြောင့် ဂွမြို့နယ် ဒေါင်းချောင်းဆင်စခန်းက ဆင်နဲ့ လူတွေ ပြောင်းရွှေ့


ဆင်မကြီးမှာ ကိုယ်ဝန်ရှိတာ သတိထားမိတဲ့အချိန်ကစပြီး ကျန်းမာရေးစောင့်ရှောက်ခဲ့တယ်လို့ ပြောပါတယ်။ ဆင်အမြွှာလေးတွေရဲ့ အဖေကတော့ အသက် ၅၀ ဝန်းကျင်မှာ တောထဲမှာ ငန်းမြွေအကိုက်ခံရပြီး သေဆုံးသွားပါတယ်။ မြန်မာနိုင်ငံမှာ ဆင်အမြွှာအနေနဲ့ မွေးတာ အခုက ၁၂ ကြိမ်မြောက်ဖြစ်ပြီး ရှားရှားပါးပါး အထီးအမ တစ်စုံ မွေးလာတာလို့ ပြောပါတယ်။

အာရှဆင်တွေဟာ ၁၈ လကနေ ၂၂ လလောက်အထိ ကိုယ်ဝန်ဆောင်တတ်ကြပြီး ပုံမှန်ဆိုရင် တစ်ကောင်တည်းပဲ မွေးလေ့ရှိတာပါ။

ဒါပေမဲ့ သြဂုတ်လ ၂၆ ရက်နေ့ မနက် ၃ နာရီခွဲကျော်မှာတော့ ဆင်မလေး ပုလဲဆင့်ကို ဦးဆုံးမွေးဖွားခဲ့ပြီး၊ ခဏအကြာမှာ မမျှော်လင့်ဘဲ ဆင်ထီးလေး ကျော်ပုလဲကို ထပ်ပြီးမွေးလာခဲ့တာပါ။

အမြွှာမောင်နှမ ဆင်ပေါက်လေးများဖြစ်ကြသည့် ဆင်မလေး ပုလဲဆင့်နှင့် ဆင်ထီးလေး ကျော်ပုလဲတို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: RFA)
အမြွှာမောင်နှမ ဆင်ပေါက်လေးများဖြစ်ကြသည့် ဆင်မလေး ပုလဲဆင့်နှင့် ဆင်ထီးလေး ကျော်ပုလဲတို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: RFA)

ဆင်လေးတွေအာဟာရအတွက် နို့စို့နိုင်အောင် တော်တော် ကြိုးပမ်းခဲ့ကြရတယ်လို့ ဆင်ထိန်း ကိုအောင်စည်သူကျော်က ပြောပါတယ်။

"အမေကြီးက တော်တော် လိမ္မာတဲ့အထဲမှာ ပါတယ်။ ပြီးတော့ ကလေးတွေ နို့ဆာမှာစိုးလို့ နို့သီးခေါင်းတွေ လိုက်တည့်ပေး။ ကလေးတွေကလည်း မစို့တတ်။ အမေကြီးကလည်း နို့တွေတောက် ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ဝိုင်းပြီးတော့ ဒီဘက် ခြံထဲကိုပြောင်း၊ အမေကြီးနို့ကို ညှစ်ပြီး ဆင်ပေါက်ကလေးတွေ ပါးစပ်ကို လိုက်တေ့ပေး၊ အဲလိုမျိုးတွေ လုပ်ရတာပေါ့နော်"

မွေးပြီး နာရီဝက်လောက်အကြာမှာ လမ်းစလျှောက်ဖို့ ကြိုးစားတယ်လို့ ပြောပြပါတယ်။

မွေးကင်းစဆင်လေးတွေကတော့ လိုအပ်တဲ့အာဟာရအတွက် မိခင်နို့ တစ်မျိုးတည်းပဲ မှီခိုရပါတယ်။ ဆင်မကြီးကိုတော့ ပုံမှန်ကြွေးနေကျ အစားအစာအပြင် သင့်တော်တဲ့ ဗီတာမင် အားဖြည့်ဆေး ကျွေးတာ၊ လိုအပ်ရင် ဆေးထိုးပေးတာတွေကို နေ့တိုင်းလုပ်ပေးတယ်လို့ ပြောပါတယ်။

ဆင်စခန်းက ဆင်တွေကတော့ စခန်းနားကချောင်းမှာ တစ်နေ့ နှစ်ကြိမ် ဆင်ထိန်းတွေနဲ့ ရေချိုးကြ ပါတယ်။ ဒါပေမဲ့ နို့စို့အရွယ် ဆင်အမြွှာလေးတွေကိုတော့ ငယ်သေးတဲ့အတွက် ချောင်းထဲ ခေါ်မသွား သေးပဲ သူတို့နေတဲ့ ဆင်တင်းကုတ်နားက ရေကန်မှာပဲ ချိုးပေးကြပါတယ်။

"ဆင်လေးတွေကလည်း တအားချစ်ဖို့ကောင်းပါတယ်။ လာကြည့်ဖို့လည်း ဖိတ်ခေါ်ပေးပါတယ်"

ဒီဆင်အမြွှာလေးတွေကို တကူးတက လာကြည့်တဲ့သူတွေလည်း ရှိပါတယ်။

ကိုကျော်လွင်အောင် (ဧည့်သည်)။   ။"ဒီစခန်းကို ကလေးတွေလိုက်ပို့ရင်းနဲ့ ဝင်ကြည့်ဖြစ်တာပေါ့။ ဘယ်လိုခံစားရလဲဆိုတော့ ဆင်အမြွှာ တစ်ခါမှ မမြင်ဖူးဘူးလေ၊ ဆင်သေးသေးလေးလည်း မမြင်ဖူးဘူး။ (feeling) ဖီလင်လေးတစ်မျိုးတော့ ရတာပေါ့၊ ကြည့်နူးတာပေါ့။ သေးသေးလေးဆိုတော့ ကလေးတွေလည်း ချစ်စရာကောင်းသလို ဆင်လေး သေးသေးလေးတွေဆိုလည်း ချစ်စရာကောင်းတာပေါ့နော်"

မအိမွန်ကျော် (ဧည့်သည်)။   ။"ဆင်လေးတွေအမြွှာလေးတွေ မွေးထားတာကြားလို့ လာကြည့်တာပါ။ အရမ်းလည်း ဝမ်းသာပီတီဖြစ်ရပါတယ်။ စိတ်လည်း အပန်းပြေပါတယ်။ ဆင်လေးတွေကလည်း တအားချစ်ဖို့ကောင်းပါတယ်။ လာကြည့်ဖို့လည်း ဖိတ်ခေါ်ပေးပါတယ်"

ဒီဆင်အမြွှာလေးတွေမွေးပြီးမှ စခန်းကို လာလည်တဲ့သူများလာပြီး ပုံမှန်ရက်တွေမှာ အယောက် နှစ်ဆယ်၊ သုံးဆယ်လောက်ရှိသလို၊ အလုပ်ပိတ်ရက်တွေ၊ ပွဲတော်ရက်တွေမှာတော့ လူ ငါးဆယ်ကနေတစ်ရာကျော်အထိ ရှိတတ်တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။