နာဂစ်ကြောင့် ရန်ကုန်ပြောင်းပြီး အသက် ၇၀ ကျော်အထိ ပလုံကောက်နေရသူ

ဧရာဝတီတိုင်းမှာ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ကတိုက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ ၁၅ နှစ်ပြည့်ခဲ့ပေမယ့် အဲဒီတုန်းက ဘဝပျက်ခဲ့ရတဲ့သူတွေဟာ ခုချိန်ထိ မူလနေရာမပြန်နိုင်တော့ဘဲ ရန်ကုန်မှာ ကျပန်းအလုပ်တွေနဲ့ ရုန်းကန်ရှင်သန်နေရတုန်း ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် အိမ်တွေပျက်၊ မိသားစုတွေ သေကွဲကွဲခဲ့ရတဲ့ ဧရာဝတီတိုင်းသားတွေဟာ မုန်တိုင်းအပြီးမှာ ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တွေကိုရောက်လာပြီး အသက် ရှင်သန်ရေးအတွက် ကျပန်းအလုပ်တွေရှာလုပ်ရင်း နေခဲ့ကြပါတယ်။
အဲဒီအထဲမှာ လပွတ္တာမြို့နယ်၊ သင်္ဃန်းကုန်းစံပြ ရွာသား ဦးဟန်ရွှေတို့မိသားစုလည်း ပါဝင်ပါတယ်။ အသက် ၅၅ နှစ်လောက်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဦးဟန်ရွှေဟာ အခု အသက် ၇၀ ကျော်အရွယ် ရောက်နေပါပြီ။
နာဂစ်ကြောင့် သူ့ရဲ့အိမ်တွေပစ္စည်းတွေ ဆုံးရှုံးလိုက်ရသလို ယောက္ခမနဲ့ ညီအစ်ကိုမောင်နှမ ဆွေမျိုး ရှစ်ယောက် သေဆုံးပြီး လုပ်ကိုင်စားသောက်ဖို့ခက်သွားတဲ့ မွေးရပ်မြေကို စွန့်ခွာခဲ့ရပါတယ်။
သူတို့ဇနီးမောင်နှံအပါအဝင် အိမ်ထောင်သည် သမီးနဲ့ သားမက်၊ သားနဲ့ သမီး နှစ်ယောက် စုစုပေါင်း မိသားစုဝင် ခြောက်ယောက် ရန်ကုန်ကို ပြောင်းလာခဲ့တာပါ။
ဦးဟန်ရွှေဟာ အရင်က တံငါသည်၊ ကုန်ထမ်းနဲ့ ဆားကွင်းလုပ်သား စတဲ့ အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့သလို ရန်ကုန် စရောက်ချိန်မှာလည်း မိသားစုလိုက် ဒဂုံဆိပ်ကမ်းမြို့နယ်က ဆိပ်ကမ်းမှာ ကျောက် ထမ်းခဲ့ပါတယ်။
အဲလိုလုပ်နေရင်း မကြာခင်မှာပဲ သမီးက ဆိုင်ကယ်တိုက်လို့ သေဆုံးခဲ့ရ သလို သားမက်လည်း ထောင်ကျပြီး ထောင်ထဲမှာ သေဆုံးသွားခဲ့ရတယ်လို့ ဦးဟန်ရွှေက RFA ကိုပြောပါတယ်။
"ကိုယ်က တက်လာတော့ မိသားစု ခြောက်ယောက်ပေါ့။ တက်လာတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် ကျောက်ထမ်း ဘာထမ်းအလုပ်လုပ်တော့ ဝိုင်းကူလုပ်ကြတော့ နည်းနည်းအဆင်ပြေသေးတယ်။ အဲလိုထမ်းရင်းနဲ့ပဲ သမီးလုပ်သူက ဆိုင်ကယ် တိုက်ပြီးတော့ သေရော။ သားမက်လုပ်သူကလည်း ဘယ်လိုဖြစ်လဲဆိုတော့ ဗန္ဓုလတံတားအောက်မှာ မှောင်ခိုမှုဆိုပြီး အဖမ်းခံရပြန်ရော။ ဖမ်းသွားပြီး ထောင်ထဲမှာပဲ သေသွားပြီဆိုတဲ့ အကြောင်းကိုကြားတော့ ကိုယ်လည်း ကျန်ရစ်ခဲ့တဲ့ သားသမီးနှစ်ယောက်၊ သမီးတစ်ယောက်၊ သားလေးတစ်ယောက်ပေါ့။ မြေးလေးနှစ်ယောက်ကိုလည်း ကိုယ်ပဲ တာဝန်ယူပြီး လုပ်ကျွေးနေရတာပေါ့"
အဲဒီနောက်ပိုင်း နေပူ၊ မိုးရွာမရှောင် မနက် ၅ နာရီကနေ ညမိုးချုပ်အထိ ပလုံထွက်ကောက် နေရတဲ့ ဦးဟန်ရွှေဟာ ဆိုင်ကယ်အတိုက်ခံရပြီး ဘယ်ခြေထောက် ကျိုးခဲ့ရပါတယ်။
သူဟာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကမ်းနားလမ်း၊ ၄၂ လုံးတန်းမှာ အိမ်ငှားနေထိုင်ပြီး အသက်မပြည့်သေးတဲ့ သမီးနဲ့မြေး နှစ်ဦးအပြင် မကျန်းမာတဲ့ အသက် ၅၀ ကျော် ဇနီးအတွက် ပလုံကောက်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။
"လှည်းတွန်းလိုက်၊ တစ်နေ့ရတာ တစ်နေ့ဝယ်စားလိုက်။ စျေးတွေကလည်း ကြီးတော့ သိပ်တောင်အလျင်မမီချင်ဘူး၊ ထမင်းတောင်နပ်မှန်အောင်လို့"
အခုလို ကုန်စျေးနှုန်းတွေ နှစ်ဆကျော်မြင့်တက်နေချိန် ထမင်းနပ်မှန်ဖို့အရေး ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဦးဟန်ရွှေရဲ့ဇနီးဖြစ်သူ ဒေါ်တင်ဝင်းက ပြောပါတယ်။
"အဲလိုပဲ လှည်းတွန်းလိုက်၊ တစ်နေ့ရတာ တစ်နေ့ဝယ်စားလိုက်။ စျေးတွေကလည်း ကြီးတော့ သိပ်တောင်အလျင်မမီချင်ဘူး၊ ထမင်းတောင်နပ်မှန်အောင်လို့။ မြေးလေး နှစ်ယောက်ကို ရုန်းကန် ကျွေးနေရတာ။ အဖိုးကြီးက ခြေထောက်နာလည်း မနေနိုင်ဘူး။ သူခြေထောက်ကျိုးလည်း မနေနိုင်ဘူး။ အဲလိုပဲ ရုန်းကန်ကျွေးနေရတာပဲ။ သူတို့ လုပ်ကိုင်စားနိုင်တဲ့အရွယ်ရောက်မှ ကိုယ်ကလက်လွှတ်ရမှာဆိုတော့ အဲလိုပဲ ရုန်းကန်ကျွေးနေရတာ"
ဦးဟန်ရွှေတစ်ယောက်တည်း ပင်ပင်ပန်းပန်း ရုန်းကန်နေရတာကို မကြည့်ရက်လို့ ဒီနောက်ပိုင်း သမီးငယ်နဲ့ မြေးပါ ပလုံလိုက်ကောက်ပေမယ့် အိမ်လခ တစ်လ ကျပ်နှစ်သောင်းခွဲ ရှိတာကြောင့် လမ်းဘေးက ကန်စွန်းရွက်နဲ့ ငါးပိချက်က သူတို့အတွက် အဓိကဟင်းလျာကောင်းလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
သူ့ရဲ့သမီး အသက် ၁၇ နှစ်အရွယ် မအင်ကြင်းစံဟာ အရင်က စက်ရုံမှာ အလုပ်လုပ်ခဲ့ ပေမယ့် လက်ရှိ အလုပ်လက်မဲ့ဖြစ်နေလို့ အသက်ကြီးနေတဲ့ ဖခင်ကိုစိတ်မချလို့ ပလုံကောက်တိုင်း လိုက်နေတယ်လို့ ပြောပါတယ်။
"ဖေကြီးက အခု ကျန်းမာရေးက သိပ်မကောင်းတော့ လမ်းတွေမှာ မူးလဲမှာစိုးလို့ နောက်ကလိုက်ပြီးတော့ လိုက်လုပ်ပေးနေရတာ။ ဆိုင်ကယ်တိုက်တာ ခြေထောက် ကျိုးသွားတော့ စိတ်မချဘူးဆိုပြီး နောက်ကနေ လိုက်ပေးနေရတယ်"
ဘယ်လိုအခက်အခဲပဲရှိရှိ ဦးဟန်ရွှေကတော့ သူ့မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်းမပြတ် ပလုံကောက်ဖို့ ထွက်နေရဆဲဖြစ်ပါတယ်။
တစ်ခါတလေ လမ်းမှာမူးလဲလို့ အိမ်နီးနားချင်းတွေက လိုက်ရှာပြီး လှည်းပေါ်တင် အိမ်ပြန်သယ်ခဲ့ရတာလည်းရှိတယ်လို့ အိမ်နီးချင်းမငယ်က RFA ကို ပြောပါတယ်။
"အိမ်နီးနားချင်းတစ်ယောက်အနေနဲ့ မြင်ရတာ စိတ်မချမ်းသာပါဘူး။ သွားတာလည်း မိုးလင်းကနေမိုးချုပ် အဝေးကြီးပဲ။ တစ်ခါတလေကျရင် လာကြိုပါဦးဆိုလို့ သွားကြိုရတာ တစ်လုပ်။ ပြန်လာရင် ရွေးရက်ပြီး ဒိုင်သွားသွင်း။ ဒိုင်ကပြန်လာရင်လည်း လမ်းမလျှောက်နိုင်လို့ လှည်းပေါ်တင်တွန်းလာရတယ်။ ညဘက်ကျရင် အော်ဟစ်နေတာ ကိုက်တယ်၊ ခဲတယ်နဲ့။ အဘရယ် ဖြစ်နိုင်ရင် တစ်ရက် လောက်နားပါလား အဘရယ်။ သမီးရယ်တဲ့ ဘယ်လိုလုပ် နားလို့ရမှာလဲတဲ့။ စားဝတ်နေရေးမှ မပြေလည်တာတဲ့။ ဆေးတစ်လုံးတောင် ထိုးဖို့မရှိဘူး။ တစ်ခါတလေကျရင် ငပိရည်၊ တို့စရာ ဟင်းကောင်းတောင်မှ သိပ်နပ်မမှန်ဘူး"
သူတို့မိသားစု ရန်ကုန်မှာ အခက်အခဲမျိုးစုံကြုံနေရပေမယ့် လပွတ္တာမြို့နယ်က နေရပ်ရွာကို မပြန်ချင်ကြပါဘူး။
ရွာမှာပြန်အခြေချဖို့ ငွေမရှိသလို အသက်ကြီးတဲ့အချိန် အလုပ်ကြမ်းတွေ မလုပ်နိုင် တော့တာလည်း ပါတယ်လို့ ဦးဟန်ရွှေက RFA ကို ပြောပါတယ်။
"ကိုယ့်ရဲ့ မွေးရပ်ဌာနေကို ပြန်ဖို့ဆိုပြန်တော့လည်း ပြန်ချင်တဲ့စိတ်က မရှိဘူး။ မြေယာကွက်ရှိပေမယ့် အိမ်ဆောက်ဖို့ကို မဝယ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဒီမှာဆိုတော့ ကိုယ့်မှာ ပလုံလေး ကောက်လိုက်ရင် တစ်နေ့ ငါးထောင်ရ၊ တစ်သောင်းရ၊ အဲဒါလေးနဲ့ ကိုယ်က တွန်းစားနေတာလေးပဲ အဆင်ပြေတယ်ပေါ့။ ဟိုမှာဆိုရင်တော့ ကိုယ်လည်း ခါတိုင်းလို အလုပ်ကြမ်းမလုပ်နိုင်ဘူး"
ဦးဟန်ရွှေရဲ့ဇနီးဖြစ်သူကတော့ မပြန်ချင်တာက နေအိမ်တွေနဲ့ မိသားစုဝင်တွေ ပျက်စီးသေဆုံးခဲ့တာကြောင့် “နာဂစ်” ဆိုတဲ့အသံကို မကြားချင်လောက်အောင် စိတ်နာနေတာလည်းပါတယ်လို့ ပြောပါ တယ်။
"နာဂစ်ဆိုတဲ့အသံကိုလည်း ကိုယ်လုံးဝကို မကြားချင်တာ။ မိသားစုလိုက် မိဘတွေရော၊ ဘာတွေရော အကုန်ပါသွားတာ။ အဲဒါကြောင့် နာဂစ်ဆိုတဲ့အသံကို ကြားလည်း မကြားချင်ဘူး။ ကိုယ့်ရွာကို ပြန်ဖို့လည်း စိတ်လည်းမကူးဘူး"
ဒါကြောင့် စီးပွားအကျပ်အတည်းတွေကြား ရုန်းကန်ရခက်ခဲနေပေမယ့် ဦးဟန်ရွှေတို့ မိသားစု ပလုံကောက် စားဝတ်နေရင်းဖြေရှင်းရင်း ရန်ကုန်မှာပဲ ဆက်အခြေချဖို့ ဆုံးဖြတ်ထားပါတယ်။
နာဂစ်မုန်တိုင်းကြောင့် အဲဒီအချိန်က အနည်းဆုံး လူတစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ပြီး ဒီအထဲမှာ လပွတ္တာတစ်မြို့နယ်တည်းက ရှစ်သောင်းလောက် ပါဝင်ပါတယ်။