ပိုခက်ခဲလာတဲ့ ချင်းပြည်နယ်က တောင်ယာစပါးစိုက်ပျိုးရေး

RFA Burmese
2023.11.21
ပိုခက်ခဲလာတဲ့ ချင်းပြည်နယ်က တောင်ယာစပါးစိုက်ပျိုးရေး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ငါလ်ဇန်ကျေးရွာမှ တောင်ယာစပါးစိုက်ခင်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် ငါလ်ဇန်ကျေးရွာမှာ နှစ်စဉ် စိုက်ပျိုးလေ့ရှိတဲ့ ရွှေ့ပြောင်းတောင်ယာစပါးတွေ ရင့်မှည့်လို့ ရိတ်သိမ်းနေကြပါပြီ။

ရွှေ့ပြောင်းတောင်ယာစပါးဆိုတာ ချင်းတောင်တန်းတွေရဲ့ တောင်စောင်းတွေမှာ မြေဆီအနေအထားပေါ် မူတည်ပြီး တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့စိုက်ပျိုးရတာပါ။ မိုးဦးကျချိန်မှာ မိုးရေကို အဓိထားစိုက်ပျိုးပြီး အခုလို ဆောင်းရာသီမှာ ရိတ်သိမ်းလေ့ ရှိပါတယ်။

ငါလ်ဇန်ကျေးရွာရဲ့ ရွှေ့ပြောင်းတောင်ယာစပါးစိုက်ခင်းတွေဟာ ကလေး-တီးတိန် ကားလမ်းမကြီးနဲ့ နီးကပ်မှု၊ အာဏာသိမ်းပြီနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတဲ့ သိုင်းငင်းရွာနဲ့ နီးကပ်မှုတွေကြောင့် ဒီနှစ် စပါးစိုက်ပျိုးမှု အရင်နှစ်တွေကထက် ပိုနည်းလာတယ်လို့ ချင်းတောင်သူတွေက ပြောပါတယ်။

"တောင်ယာအများကြီး လုပ်ရင်လည်း တိုက်ပွဲတွေ ဘာတွေကို စိုးရိမ်လို့ အများကြီး မလုပ်ရဘူး"

နှစ်ဖက်တိုက်ပွဲတွေဖြစ်လာခဲ့ရင် စိုက်ပျိုးထားတဲ့ တောင်ယာတွေကို စွန့်ပစ်ထားခဲ့ရမှာကို စိုးရိမ်တဲ့အတွက် အရင်ကလို များများစားစား မစိုက်ပျိုးကြတော့ဘူးလို့ တောင်သူတစ်ဦး ဖြစ်တဲ့ ဒေါ်နွမ်ရှင်ဒိမ် က ပြောပါတယ်။

"အရင်တုန်းကတော့ တောင်ယာစပါးကို အိမ်တိုင်းလိုလိုမှာ စိုက်ကြတယ်။ တစ်အိမ်မှာ အနည်းဆုံး နှစ်ဧကလောက် စိုက်ပျိုးကြတယ်။ အခုကတော့ တောင်ယာအများကြီး လုပ်ရင်လည်း တိုက်ပွဲတွေ ဘာတွေကို စိုးရိမ်လို့ အများကြီး မလုပ်ရဘူး။ အများကြီး လုပ်ရင်လည်း တိုက်ပွဲတွေ၊ စစ်ပွဲတွေရှိရင် တောင်ယာတွေကိုပစ်ပြီး ပြေးလွှားရတာ ဆိုတော့ အဲဒါကြောင့် မလုပ်ရဲတော့တာ"

အခြေခံစားကုန်တွေနဲ့အတူ မြင့်တက်လာတဲ့ ဓာတ်မြေဩဇာစျေးကြောင့်လည်း တောင်သူတွေ အခက်တွေ့ရတယ်လို့ အနှစ်သုံးဆယ်ကျော် ရွှေ့ပြောင်းစပါးစိုက်ပျိုးလာတဲ့ တောင်သူ ဦးဇမ်းရှင်ထန်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ တောင်သူတွေအတွက် နိုင်ငံရေးအခြေအနေ မကောင်းတော့တဲ့ နောက်ပိုင်း ပိုခက်ခဲလာတယ်။ တောင်ယာလုပ်ရမယ့်အချိန်မှာ စားဝတ်နေရေးအတွက် ငွေရှာနေရတယ်။ အဓိကကတော့ ဆန်က စျေးအရမ်းကြီးလာတာကြောင့်ပါ။ အခုဆိုရင် တောင်ယာမှာထည့်ရမယ့် မြေဩဇာတွေ မထည့်နိုင်ဘူး၊ မဝယ်နိုင်ဘူး။ မြေဩဇာ ဝယ်မယ်ဆိုရင်လည်း ဝယ်ဖို့ ပိုက်ဆံက မရှိဘူး။ အရင်နှစ်တွေကတော့ မြေဩဇာ နည်းနည်းပါးပါး ထည့်နိုင်သေးတယ်။ ဒီနှစ်တော့ စပါးစိုက်ခင်းထဲ ဘာမှ မထည့်နိုင်ဘူး"

အရင်နှစ်တွေက ငါလ်ဇန်ရွာမှာ ရွှေ့ပြောင်းတောင်ယာစပါးကို လူတိုင်းလိုလို စိုက်ပျိုးခဲ့ကြပေမယ့် ဒီ‌နှစ်မှာတော့ မိသားစု ၁၂ စုလောက်သာ စပါးစိုက်ကြတော့တယ်လို့ သူက ဆိုပါတယ်။ ဝေးလံခေါင်ဖျားဒေသ ငါလ်ဇန် ကျေးရွာလေးမှာ အရင်ကတည်းက အိမ်ခြေ လေးဆယ်လောက်သာ ရှိပါတယ်။

ခေတ်မီစက်ကိရိယာတွေ မသုံးနိုင်တဲ့ ချင်းတောင်သူတွေဟာ ရိတ်သိမ်းထားတဲ့ စပါးတွေကို ခြေနဲ့နင်းချေပြီး သန့်စင်အောင် လက်နဲ့လှေ့ရပါတယ်။ အဲဒီနောက် ဝမ်းရေးအတွက် အဓိကကျတဲ့ ဆန်ဖြူဖြစ်လာဖို့ ဆုံနဲ့ ထောင်းယူရတာပါ။

မြေဩဇာလည်း မထည့်နိုင်၊ ပိုးသတ်‌ဆေးလည်း မဖျန်းနိုင်တာကြောင့် စပါးအထွက်နှုန်း ပိုနည်းလာတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်ယာကရတဲ့စပါးနဲ့ ဝမ်းစာမလောက်တာကြောင့် နေ့စားထွက်လုပ်ပြီး ဝင်ငွေ ရှာရတယ်လို့ စပါးစိုက် တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ကျင်းခန့်ဝုန် က ပြောပါတယ်။

"မြေဩဇာပေးနိုင်ရင်တော့ ထွက်နှုန်းတော့ များတယ်။ မြေဩဇာမထည့်နိုင်ရင် အထွက်က နည်းတယ်။ အခု ဆောင်းဦးမှာ စပါးရိတ်တယ်။ အဲဒီကရတဲ့ စပါးတွေ၊ ဆန်တွေက နွေရာသီအထိတောင်မှ မိသားစု စားသောက်ဖို့ မလောက်ငဘူး။ အဲဒီတော့ နေ့စားလုပ်စားရတာ။ ရတဲ့ငွေနဲ့ ကလေးမြို့ကနေ ဆန်ကို ဝယ်စားရတာပေါ့။ စပါးက မိုးများရင်လည်း ပျက်တယ်၊ ပိုးတွေဘာတွေကြောင့်လည်း စပါးခင်းက ပျက်တယ်။ ပိုးကျတဲ့အခါ ပိုးသတ်ဆေးကလည်း မဖျန်းနိုင်ဘူး"

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ငါလ်ဇန်ကျေးရွာမှ တောင်ယာစပါးစိုက်ခင်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ငါလ်ဇန်ကျေးရွာမှ တောင်ယာစပါးစိုက်ခင်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပိုဆိုးလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တောင်ယာစပါး စိုက်ရတာဟာ ပိုခက်ခဲလာတယ်လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးဒိုရှင်မုန်က ဆိုပါတယ်။

"နိုင်ငံရေးမကောင်းတော့တဲ့နောက်ပိုင်း အရင်လို လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ကြိုက်သလို စိုက်လို့မရတော့ဘူး။ တိုက်ပွဲတွေဖြစ်တဲ့အခါ စစ်မြေပြင်ကြားမှာ လုပ်ကိုင်ရတဲ့ဟာဆိုတော့ အခက်အခဲတွေကြားက တောင်ယာလုပ်ရတာပေါ့။ အခုဆိုရင် စားဝတ်နေရေးအတွက် ပိုပြီး ခက်ခဲလာပါတယ်။ မနှစ်ကတော့ တင်း ငါးဆယ်လောက် ရတယ်။ ဒီနှစ်တော့ နှစ်ဧကကျော်လောက် စိုက်ထားတယ်။ မနှစ်ကထက်တော့ နေရာနည်းနည်း ပိုများတယ်။ အဲဒါကြောင့် ပိုထွက်မယ်လို့ မှန်းထားတာပဲဗျာ"

ဒီအခြေအနေတွေကြောင့် တီးတိန်အပါအဝင် ချင်းပြည်နယ်မြောက်ပိုင်းက တောင်သူတွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ဆန်ကို ခက်ခက်ခဲခဲ ဝယ်ယူစားသုံး နေရတယ်လို့ သူက ဆိုပါတယ်။

အရင်နှစ်က ကျပ် ခြောက်သောင်းကျော်သာရှိခဲ့တဲ့ ကနန်ဧရာမင်းရှယ် ဆန်တစ်အိတ်ကို ဒီနှစ် ကလေးမြို့မှာ ကျပ် တစ်သိန်းနှစ်သောင်းကျော် ပေးရပြီး၊ ငါလ်ဇန်ရွာလေးမှာတော့ ကျပ် တစ်သိန်း ခုနစ်သောင်းကျော်ထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ဒီရွာက လူငယ်အတော်များများ ရရာအလုပ်လုပ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာသွားပါတယ်။ အခုတော့ တီးတိန်မြို့နယ် ငါလ်ဇန်ရွာလေးမှာ သက်ကြီးပိုင်းနဲ့ ကလေးငယ်အများစုသာ ကျန်တော့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။