စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဘုန်းကြီးကန်ရွာသားများ

2022.08.30
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဘုန်းကြီးကန်ရွာသားများ အသတ်ခံလိုက်ရသည့် မြိုင်မြို့နယ် ဘုန်းကြီးကန်ရွာသား ကိုမောင်တာနှင့် ကိုဌေးလွင်။
Photo: RFA

"ကျုပ်အမျိုးသား အလုပ်အကိုင်က ထန်းတက်ကျွေးတာ။ စစ်သားတွေနဲ့ တွေ့ပြီး ဖမ်းသွားတာ။ ဖမ်းတဲ့ရက်ကတည်းက ငိုနေရတာ။ ပြန်လာမှာ… ပြန်လာမှာနဲ့ ထင်နေတာ။ အဲဒီလိုဖမ်းသွားရင် မသတ်ဘူးလို့ဆိုတော့ မျှော်နေတာ။ နောက်မှသိတာ သတ်ပြီးပြီဆိုတာကို။ အပြစ်မရှိဘဲနဲ့ သတ်လို့ ဘာလုပ်မှာတုန်း။ သူတို့လည်း တော်လှန်နေတာ မဟုတ်ပဲနဲ့၊ သတ်လို့ ဘာထူးမတုန်း"

မြိုင်မြို့နယ် ဘုန်းကြီးကန်ကျေးရွာက ဒေါ်ပုရဲ့အမျိုးသားကို စစ်ကောင်စီတပ်က ဖမ်းခေါ်ခဲ့ပြီး ရေမိန်ရွာမှာ သတ်ကာ မြေမြှုပ်ခဲ့ပါတယ်။

မကွေးတိုင်းအတွင်းကို လှည့်လည်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင်လ ၂၂ ရက်နေ့က ဘုန်းကြီးကန် ရွာက ရွာသား ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖမ်းဆီးခံ ဘုန်းကြီးကန်ရွာသားတွေဟာ တခြားရွာက ဖမ်းထားတဲ့ ရွာသားတွေနဲ့အတူ စစ်ကောင်စီတပ်တွေရဲ့အထုပ်အပိုးတွေကို ထမ်းပိုးပြီး စစ်ကြောင်းလှည့်လည်သွားလာရာနောက် လိုက်ပါခဲ့ရပါတယ်။

"သတ်ပစ်တဲ့ နှစ်ယောက်ကို မြှုပ်ဖို့ရာ ကျင်းတူးခိုင်းတယ်။ ပြီးတော့ မြေကျင်းထဲမှာ အမြီးပြန် ခေါင်းပြန် မြှုပ်ပစ်ခဲ့တယ်"

"ခုနစ်လပိုင်း ၂၂ ရက်နေ့မှာ ကျွန်တော်တို့ရွာကို စစ်ကြောင်းလာထိုးတော့ ကျွန်တော်တို့ရွာက ပြည်သူတွေက စစ်ကြောင်းလာပြီဆိုတာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ တောထဲမှာ ပုန်းရှောင်နေခဲ့ရတယ်။ စစ်ကောင်စီက ဓားစာခံ ဆွဲခေါ်သွားတဲ့အထဲမှာ ကျွန်တော့်ညီအပါအဝင် ကျွန်တော်တို့ရွာက လူ ၂၀ ကျော် ဓားစာခံအဖြစ် ခေါ်သွားတယ်"

"၂၂ ရက်နေ့လောက် ကျွန်တော်တို့ ရွာကို စစ်တပ်တွေ ဝင်လာတယ်။ ကျွန်တော်တို့ ယာတောဘက် ရှောင်ကြတယ်။ ယာခင်းထဲမှာ မိသွားတယ်။ မိတော့ကျတော့ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ခရီးစဉ်တစ်လျှောက် သူတို့ရဲ့ အထုတ်အပိုးတွေ ထမ်းရတယ်"

ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်အတွင်းမှာ လှည့်ပတ်သွားလာပြီး ကျေးရွာတွေကို မီးတင်ရှို့နေခဲ့တာ ဖြစ်ပါတယ်။

"ရေခါးရွာဘက်ရောက်တော့ ကျွန်တော်တို့ကို ရွာပြင်ဘက်ထားခဲ့ပြီး စစ်တပ်တွေ ရွာထဲဝင်သွားကြတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာတော့ ရွာထဲက မီးခိုးလုံးတွေ တက်လာတာပေါ့။ နောက်တော့ စလင်းအနောက်ဘက်က ရွာကိုလည်း မီးရှို့ကြသေးတယ်။ လမ်းတစ်လျှောက် သူတို့အထုပ်အပိုးတွေ ကျွန်တော်တို့ထမ်းရတယ်။ မပြေးနဲ့ ပြေးရင် ပစ်သတ်မယ်လို့ ပြောတယ်။ သူတို့မှာ တပ်ရင်းမှူးတစ်ယောက်က ရှေ့က တက်ဘလက်လိုလို ဘာလိုလိုနဲ့ ကြည့်တာတွေ့တယ်။ နောက်ကတော့ တပ်စိတ်မှူးတို့ တပ်ကြပ်တို့ ကျွန်တော်တို့ အရပ်သားတွေ ကြားက ညှပ်လိုက်တယ်။ အင်အားကတော့ ခန့်မှန်းခြေ ၁၀၀ ကျော်လောက် ရှိတယ်။ ကျွန်တော်သူတို့နဲ့ ၁၂ ရက် လောက်လိုက်ခဲ့ရတယ်"

အဖမ်းခံရသူတွေထဲမှာ အသက် ၄၀ ကျော်အရွယ် ကိုမောင်တာနဲ့ ကိုဌေးလွင်လည်း အပါအဝင်ဖြစ်ပါတယ်။ ကိုမောင်တာနဲ့ ကိုဌေးလွင်တို့နှစ်ဦးဟာ မိသားစုကို သတိရတဲ့စိတ်နဲ့ ဘယ်တော့ပြန်လွှတ်မှာလဲ မေးခဲ့တဲ့အတွက် အသတ်ခံရတာဖြစ်ပြီး၊ ကိုယ့်ကိုမြှုပ်မယ့် မြေကျင်းကို ကိုယ်တိုင်တူးပြီးမှ အသတ်ခံရတာဖြစ်တယ်လို့လည်း ကိုမောင်တာတို့နဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

"ရေခါးရွာဘက်မှာ ရွာက နှစ်ယောက်က ရွာကိုပြန်ချင်လို့၊ ဘယ်အချိန်ပြန်ရမလဲ မေးတာကို မေးရမလားဆိုပြီး သူတို့စိတ်ပေါက်ပြီး အရပ်သားနှစ်ယောက်ကို သတ်ခဲ့တယ်။ သတ်ပစ်တဲ့ နှစ်ယောက်ကို မြှုပ်ဖို့ရာ ကျင်းတူးခိုင်းတယ်။ ပြီးတော့ မြေကျင်းထဲမှာ အမြီးပြန် ခေါင်းပြန် မြှုပ်ပစ်ခဲ့တယ်"

"ကျွန်တော့်ရွာက ပြည်သူတွေကို ကိုယ်သေရင်မြှုပ်မယ့် ကျင်းကို ကိုယ်တိုင်တူးရတယ်။ ပြန်လွတ်လာတဲ့ ကလေးတွေကို ကျွန်တော်မေးပါတယ်။ သူတို့က အကြောက်တရားနဲ့ ဆူးမရှောင် ညှောင့်မရှောင်၊ ရေမရှောင် ဗွက်မရှောင် သူတို့ခိုင်းသမျှ အထုတ်အပိုးတွေကိုထမ်းပြီး၊ နှိပ်စက်သမျှ ခံပြီး၊ ကြုံသလို အိပ်ပြီး၊ သူတို့ဖြစ်ချင်တဲ့ အတိုင်း ဖြစ်ရပါလျက်နဲ့ ကျွန်တော့်ရွာက အပြစ်မဲ့တဲ့ပြည်သူကို ကြက်ကလေး ငှက်ကလေးလို သတ်လိုက်သလဲဆိုတာ ကျွန်တော် ယူကျုံးမရ ဖြစ်တယ်။ ကျွန်တော့်ညီကိုယ်တိုင်က သူတို့တူးခိုင်းတဲ့ကျင်းကို တူးခိုင်းလို့ တူးပေးရတဲ့သူ ဖြစ်နေတာ။ မြေကြီးကလည်း မာနေတော့ ပင်ပင်ပန်းပန်း တူးပေးရတယ်။ တူးပြီးတဲ့နောက်မှာမှ အသတ်ခံရမယ့် နှစ်ယောက်ကို ကျင်းတိမ်နေလို့ ထပ်တူးခိုင်းတယ်"

SDW4.jpg
၂ဝ၂၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်းက မီးလောင်ကျွမ်းအပြီး တွေ့ရသည့် မြိုင်မြို့နယ် ဘုန်းကြီးကန်ရွာက နေအိမ်တစ်ချို့မြင်ကွင်း။ (Photo: RFA)

အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာ၊ အဓမ္မခိုင်းစေတာ စိတ်ထင်တိုင်း သတ်ဖြတ်တာတွေနဲ့ ကျေးရွာတွေကို မီးရှို့နေတာတွေနဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် ဘုန်းကြီးကန်ကျေးရွာအုပ်စုက ပြည်သူတွေက သူတို့ရဲ့ခံစားချက်ကို အခုလိုပြောပြပါတယ်။

"ကျွန်တော်တို့မှာ စစ်ကြောင်းလာတယ်တဲ့ဆိုရင် ကျွန်တော်တို့ပြည်သူလူထုဟာ တစ်ပြေးညီ ပြေးကြတယ်။ သူ့မိဘကိုယ့်မိဘ၊ သူကတော့ စစ်သားအမေမို့လို့၊ သူကတော့ စစ်သားမွေးချင်းမို့ ကျွန်တော်တို့ ချန်ထားခဲ့တာ၊ ခွဲထားခဲ့တာ မရှိဘူး။ တစ်ပြေးညီ အတူတိမ်းကြ ရှောင်ကြတယ်။ သူတို့စစ်ကောင်စီအစိုးရက ကြေညာပါလိမ့်မယ်၊ သတင်းတွေထဲမယ်။ မရှို့ပါဘူး၊ PDF က ရှို့တာပါ၊ သူတို့အချင်းချင်း ရှို့တာပါလို့။ ဒါတွေဟာ ဆင်သေတာကို ဆိတ်ရေနဲ့ဖုံးချင်လို့ ပြောတဲ့စကားတွေ။ ကျွန်တော်တို့က မျက်မြင်ကိုယ်တွေ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ပြည်သူတွေပါ။ ကျွန်တော်တို့မှာ လာတယ်တဲ့ဆိုရင် အကြောက်တရားနဲ့ ဒုက္ခအခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ပြီး ရှောင်တိမ်းနေကြရတယ်။ သူတို့မှာ လူလူချင်း စာနာထောက်ထားစိတ်၊ လူ့အခွင့်အရေး လူ့ဘဝ၊ လူ့ရဲ့တန်ဖိုးကို လုံးဝနားမလည်ဘဲနဲ့ စိတ်ရိုင်းစိတ်ယုတ်တွေနဲ့ ထင်တိုင်းကြဲ လုပ်ကြံသတ်ဖြတ်နေတဲ့ တော်တော် ရိုင်းစိုင်းယုတ်မာတဲ့အဖွဲ့အစည်းလို့ ကျွန်တော် ပြောချင်ပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။