နည်းပညာအကူအညီနဲ့ ဝတ္ထုတွေဆက်ရေးမယ့် အမြင်အာရုံမသန်စွမ်း စာရေးဆရာမ

RFA Burmese
2024.03.28
နည်းပညာအကူအညီနဲ့ ဝတ္ထုတွေဆက်ရေးမယ့် အမြင်အာရုံမသန်စွမ်း စာရေးဆရာမ ဝတ္ထုတိုရေးသူ စာရေးဆရာမ ဧကြည်ဖြူကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။
Photo: RFA

မွေးလာကတည်းက အမြင်အာရုံချို့တဲ့ခဲ့ပေမယ့် စာရေး၊ စာဖတ် အလုပ်နဲ့ပဲ ကြုံလာတဲ့အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သူကတော့ အခန်းဆက်ဝတ္ထုတိုတွေနေ့စဉ်ရေးပြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပုံမှန်တင်ပေးနေတဲ့ စာရေးဆရာမ ဧကြည်ဖြူပါ။

မောင်နှစ်မကိုးယောက်ထဲမှာ သူက ရှစ်ယောက်မြောက်ဖြစ်ပြီး မိဘတွေကွယ်လွန်သွားတဲ့‌ ၁၉၉၇၊ ၁၉၉၈ ခုနှစ်နောက်ပိုင်းကစလို့ ဝတ္ထုတိုတွေ စရေးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"နှင်းအိမ်လေး" ဆိုတဲ့ကလောင်နာမည်နဲ့ ၂၀၀၇ ခုနှစ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ စတင်ဖော်ပြခံခဲ့ရပြီး တခြားစာစောင်မဂ္ဂဇင်း လေးခုလောက်မှာလည်း ရေးသားခဲ့ဖူးပါတယ်။

မွေးရာပါအမြင်လွှာပါးတာကြောင့် မျက်စိခွဲစိတ်ထားပေမယ့် ညာဘက်မျက်လုံးကတော့ လုံးဝကွယ်သွားခဲ့ပါပြီ။ ကျန်နေတဲ့မျက်လုံးတစ်ဘက်ကလည်း ကွယ်သွားနိုင်ခြေရှိတာကြောင့် အခန်းဆက်ဝတ္ထုတွေဆက်ရေးနိုင်ဖို့ နည်းပညာတွေကို သူ ကြိုတင်လေ့လာသင်ယူနေပါတယ်။

"ဆရာဝန်က မျက်လုံးနှစ်ဖက်လုံးခွဲပြီးတဲ့အချိန်မှာ ပြောတယ်၊ ကွယ်သွားနိုင်တယ်တဲ့။ ဒါကြောင့် အမြင်အာရုံချို့တဲ့သူတွေသုံးတဲ့ နည်းပညာတွေကိုသင်ယူနေပါတယ်။ ဖုန်း၊ တက်ဘလက်တွေနဲ့ ရေးနိုင်တဲ့နည်းပညာတွေကိုတော့ သင်ယူပြီးလို့ ကွန်ပျူတာနဲ့ ရေးနိုင်တဲ့ နည်းပညာတွေကို သင်ယူဖို့လည်း ပြင်ဆင်နေပါတယ်။ လုံးဝမမြင်ရတော့ရင်တောင်မှ ဝတ္ထုတွေကို ဆက်ရေးသွားမှာပါ"

သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ထားပြီးဖြစ်တဲ့ အခန်းဆက်ဝတ္ထုတို ၂၅ ပုဒ်လုံးက ဇာတ်ကောင်တွေဟာ သန်စွမ်းသူဖြစ်စေ၊ မသန်စွမ်းသူဖြစ်စေ စိတ်ဓာတ် ခိုင်မာရဲရင့်ပြီး အားမငယ်တဲ့ ဇာတ်ကောင်မျိုးတွေနဲ့ပဲ ဖန်တီးရေးသားထားတာ တွေ့ရတယ်လို့ သူ့ရဲ့ စာဖတ်ပရိသတ်တွေက ပြောပါတယ်။

အမြင်အာရုံချို့တဲ့သူများ အသုံးပြုသကဲ့သို့ တက်ဘလက်ဖြင့် စာရေးနေသည့် ဝတ္ထုတိုရေးသူ စာရေးဆရာမ ဧကြည်ဖြူအား ၂၀၂၄  ခုနှစ်၊ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ (Photo: RFA)
အမြင်အာရုံချို့တဲ့သူများ အသုံးပြုသကဲ့သို့ တက်ဘလက်ဖြင့် စာရေးနေသည့် ဝတ္ထုတိုရေးသူ စာရေးဆရာမ ဧကြည်ဖြူအား ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ (Photo: RFA)

ဆရာမ ဧကြည်ဖြူဟာ မိသားစုအကူအညီမယူဘဲ သူ့ရဲ့ စားဝတ်နေရေးအတွက် စာအုပ်တွေ ရောင်းလို့ရတဲ့ဝင်ငွေနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။

"စာအုပ်တွေကို အွန်လိုင်းကနေ ရောင်းပါတယ်။ စာရေးတဲ့အတွက် စာဖတ်သူတွေများတော့ သူတို့ဆီစာအုပ်လေးတွေ ရောင်းရပါတယ်။ အဲဒီကရတဲ့ဝင်ငွေနဲ့ပဲ အိမ်ငှားတယ်၊ စားတယ်၊ နေရတယ်ပေါ့နော်။ အဲဒါနဲ့ပဲ စာရေးတာတွေကို ဆက်ပြီးပံ့ပိုးလို့ရတာပေါ့"

ဆရာမ ဧကြည်ဖြူရဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လကို ညီမအရင်းဖြစ်တဲ့ မအေးမြင့်ထွေးကိုယ်တိုင်လည်း အားကျ အတုယူရပါတယ်။

"ဘယ်မောင်နှမတွေဆီကမှ အကူအညီပံ့ပိုးမှုကို ယူတာမျိုးမရှိဘူး။ ဇွဲရှိရှိနဲ့ပေါ့နော် သူ့ခြေထောက်ပေါ်ရပ်တည်ပြီး လုပ်လာတာ၊ အဲဒါတွေကိုကြိုက်တယ်။ သူ့မျက်လုံးကမမြင်ဘူး၊ ဒါပေမဲ့ စွမ်းတယ်၊ မမြင်သန်စွမ်းပေါ့။ သတ္တိရှိရှိနဲ့ ဘယ်သူ့ကိုမှလည်း မကြောက်ဘဲ ကြိုးစားလာတာ။ ညီမအချင်းချင်းဆိုပေမယ့် သူ့တစ်ယောက်ထဲ ရင်ဆိုင်ကျော်ဖြတ်နိုင်တာကို သဘောကျတယ်၊ ကြိုက်တယ်"

"ဖုန်းတွေကနေ တင်နေသမျှစာတွေကို နည်းပညာအားကိုးနဲ့ ဖတ်တယ်။ အခုကျတော့ ဖုန်းတွေပေါ်မှာ ကြာရှည်မဖတ်နိုင်တော့ YouTube က အသံဇာတ်လမ်းတွေ နားထောင်တယ်"

ဆရာမ ဧကြည်ဖြူဟာ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေကို မဖတ်နိုင်ချိန်တွေမှာလည်း ရတဲ့နည်းလမ်းနဲ့ နားဆင်လေ့ရှိပါတယ်။

"ဖုန်းတွေကနေ တင်နေသမျှစာတွေကို နည်းပညာအားကိုးနဲ့ ဖတ်တယ်။ အခုကျတော့ ဖုန်းတွေပေါ်မှာ ကြာရှည်မဖတ်နိုင်တော့ YouTube က အသံဇာတ်လမ်းတွေ နားထောင်တယ်။ YouTube မှာ မဝယ်နိုင်တဲ့စာအုပ်မျိုးတွေအစ တင်ပေးလေ့ရှိတယ်လေ၊ အဲဒီလိုမျိုး နားထောင်တယ်။ အခုနာမည်ကြီးနေတဲ့ ခင်ခင်ကြီးဆိုလည်း အစအဆုံး မဖတ်ခဲ့ရတော့ YouTube မှာ အစအဆုံး နားထောင်လိုက်တယ်"

မွေးကတည်းက အမြင်အာရုံမသန်စွမ်းခဲ့ပေမယ့် ရတဲ့နည်းနဲ့ စာရေးဆရာကြီးတွေရဲ့ စာပေတွေ၊ ကဗျာတွေဖတ်ရင်း စိတ်အာဟာရဖြည့်ပြီး သူ့ဘဝကို ထိန်းကျောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ပရိသတ်တွေကိုလည်း စာဖတ်ရကျိုးနပ်အောင် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဇာတ်လမ်းအမျိုးအစားတွေပဲ သူရေးတယ်လို့ ဆရာမ ဧကြည်ဖြူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။