အမှိုက်ကို သဘာဝမြေသြဇာ ပြောင်းနေကြသူများ

RFA Burmese
2024.03.11
အမှိုက်ကို သဘာဝမြေသြဇာ ပြောင်းနေကြသူများ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်အတွင်း ဘိုကာရှီမြန်မာ(Bokashi Myanmar)က ရပ်ကွက်နေပြည်သူများကို အမှိုက်မြေဆွေးလုပ်၊ အပင်စိုက်နည်းမျှဝေပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

တစ်နေ့ကို အမှိုက်တန်ချိန် ထောင်ပေါင်းများစွာ ထွက်နေတဲ့ရန်ကုန်မြို့ကြီးမှာ မီးဖိုချောင် ဘေးထွက်ပစ္စည်းတွေကနေ သဘာဝမြေသြဇာ လုပ်လို့ရတဲ့နည်းကို တချို့လူတွေ လက်တွေ့လုပ်နေကြပါပြီ။

အခြေခံလူတန်းစားတွေနေတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်မှာ အဲဒီလိုမြေသြဇာလုပ်ပြီး အိမ်ဘေးက မြေလွတ်လေးတွေမှာ စားပင်၊ သီးပင်လေးတွေစိုက်ထားတာ အမြင်အေးမြသလို မိသားစုတွေအတွက် ဟင်းစားရော၊ ဝင်ငွေပါရနေတာတွေ့ရပါတယ်။

အဲဒီလို စိုက်ပျိုးနေတဲ့သူထဲမှာ မချိုချိုမာတစ်ယောက်လည်း ပါပါတယ်။

“အရင်တုန်းကဆိုရင် ဒီအမှိုက်တွေက ဘယ်လွှင့်လို့လွှင့်ပစ်ရမှန်း မသိဘူးလေ။ အခုကျတော့ အဲဒီအမှိုက်လေးတွေနဲ့ပဲ အခုစိုက်ပျိုးဖြစ်တယ်။ မြေဆွေးလေးတွေရတယ်။ အခုဆိုရင် ဝယ်စားစရာ မလိုတော့ဘူးပေါ့။ အိမ်နောက်ဖေး ဈေးဆိုင်ဖြစ်သွားတာကိုး”

ဒီနည်းပညာကို အသက် ၃၈ နှစ်အရွယ် ကိုအောင်စိုး ပါဝင်တည်ထောင်ထားတဲ့ ဘိုကာရှီမြန်မာ (Bokashi Myanmar) အဖွဲ့က မျှဝေပေးနေတာပါ။

“ရပ်ကွက်တွေမှာ သူတို့မှာ နေရာလည်းမရှိဘူး။ ပြီးတော့ အမှိုက်တွေလည်းရှုပ်တယ်။ အဲဒီတော့ သူတို့အမှိုက်တွေကနေ ဒီလိုစိုက်ပျိုးရေး ပြန်လုပ်ပြီးတော့ တစ်နေ့တာ စားသောက်စရိတ်မှာလည်း ပြန်ပြီးတော့ ပါဝင်နိုင်မယ်။ ပြီးတော့ ဒီလိုမျိုးစိုက်ခင်းတွေ စိုက်တယ်ဆိုရင် တချို့နေရာ ကျယ်ကျယ်ရှိမယ်ဆိုရင် အဲဒီကနေပြီးတော့ ခူးဆွတ်ပြီးရောင်းချပြီးတော့ ဝင်ငွေလေးဘာလေးရတဲ့အထိပေါ့”

ဘိုကာရှီမြန်မာအနေနဲ့ တစ်ပတ်မှာနှစ်ရက် သင်တန်းပေးနေတဲ့အတွက် လက်ရှိမှာ လူဦးရေ ၄၃၀၀ ကျော်ကို သင်တန်းပေးထားပြီးပြီဖြစ်သလို အပင်အိုး ကိုးထောင်နီးပါးအပြင် ချဉ်ပေါင်၊ ငရုတ်၊ ဘူး၊ သခွား၊ ကန်စွန်းစတဲ့ အပင်မျိုးစေ့တွေကိုလည်း အခမဲ့ပေးနေပါတယ်။

“အမှိုက်ပြဿနာပြေလည်သလို စိမ်းလန်းတဲ့ဝန်းကျင်ဖြစ်တဲ့အထိပါ ကူညီပေးနိုင်ပါတယ်”

အရင်က ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ခဲ့ဖူးတဲ့ အသက် ၇၃ နှစ်အရွယ် ဦးတင်ကြွယ်ကလည်း ဒီနည်းလမ်းနဲ့ စမ်းသပ်စိုက်ပျိုးတာ အဆင်ပြေနေပြီလို့ ပြောပါတယ်။

“အဘက လက်တွေ့လည်း စိုက်ထားတယ်။ အိမ်မှာ ခရမ်းချဉ်လည်း သီးနေပြီ၊ ပွင့်နေပြီ။ အပင်စိုက်တယ်ဆိုတာတော့ စိတ်ကိုတည်ငြိမ်မှုရှိတယ်။ ခုနကလို ပြောမယ်ဆိုရင် ရှင်သန်မှုရှိတယ်။ ကိုယ့်စိတ်လည်း လန်းဆန်းတယ်။ သဘောပြောမယ်ဆိုရင်။ ဒီရပ်ရွာမှာလည်း လမ်းကြိုလမ်းကြား ဘာညာ အကုန်သန့်ရှင်းမှုဖြစ်သွားတာပေါ့လေ”

ဦးတင်ကြွယ်လိုပဲ အသက် ၆၀ အရွယ် ဒေါ်ခင်ရီလည်း အိမ်ရှေ့၊ အိမ်နောက် လွတ်တဲ့မြေနေရာတွေမှာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားပါတယ်။

“သနပ်ခါးပန်းတွေဆိုရင်လည်း ကိုယ်လည်း ပန်ရတာပေါ့။ ပန်းစိုက်လည်း ဝါသနာလည်းပါတယ်။ နောက်ဖေးမှာလည်း ဘူးပင်တွေ အများကြီးပဲစိုက်ထားတယ်။ ရှေ့မှာလည်း စိုက်ထားတယ်။ မြေဆွေး၊ အမှိုက်တွေနဲ့ စိုက်ထားတယ်။ ဟိုအိမ်ရှေ့က အမှိုက်တွေစုပြီးတော့ မြေဆွေးကိုလုပ်ထားတယ်။ ဝါသနာလည်း ပါတယ်”

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်အတွင်း ဘိုကာရှီမြန်မာ(Bokashi Myanmar)က ရပ်ကွက်နေပြည်သူများကို အမှိုက်မြေဆွေးလုပ်၊ အပင်စိုက်နည်းမျှဝေပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်အတွင်း ဘိုကာရှီမြန်မာ(Bokashi Myanmar)က ရပ်ကွက်နေပြည်သူများကို အမှိုက်မြေဆွေးလုပ်၊ အပင်စိုက်နည်းမျှဝေပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ဒီနည်းပညာကို တစ်ရပ်ကွက်လုံးနီးပါး လိုက်လုပ်နေကြပြီဖြစ်လို့ အခုဆိုရင် သစ်ရွက်ခြောက်နဲ့အမှိုက်တွေကို ဆာလာအိတ်တစ်လုံးကို ကျပ်သုံးရာထိ ပေးဝယ်နေရပြီလို့ ပွင့်သစ်စပန်းတိုင် အမျိုးသမီးအဖွဲ့ဝင် ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

“ကျွန်မတို့ကိုယ်တိုင်လည်း အစက ဒီသစ်ပင်၊ သစ်ရွက်တွေရဲ့အသုံးဝင်ပုံကို နားမလည်ဘူး။ ပြီးရင် မီးရှို့ချလိုက်တယ်။ ပြီးရင် အိတ်ထဲပစ်လိုက်ပြီးတော့ အမှိုက်သမားတွေကို ပစ်လိုက်တယ်။ အခုတော့ ဒီမှာ သစ်ရွက်တွေကအစ ကျွန်မတို့က ပြန်ဝယ်နေတယ်”

ဘိုကာရှီမြန်မာကို ၂၀၁၈ ခုနှစ်မှာ စပြီးတည်ထောင်ခဲ့သလို ဖွဲနု၊ တင်လဲရည်နဲ့ အကျိုးပြု အနုဇီဝ ပေါင်းစပ်ထားတဲ့ ဘိုကာရှီဖွဲနုမှုန့်လည်း ထုတ်ပြီးရောင်းပါတယ်။ အဲဒီအမှုန့်က စာကြွင်းစားကျန် အမှိုက်တွေ မြေဆွေးအဆင့်မရောက်ခင် မပုပ်သိုးအောင် ပြုလုပ်ပေးတာပါ။

စိုက်မယ့်အိုးထဲ ပထမဆုံး သစ်ရွက်ခြောက်ထည့်၊ ပြီးရင် မြေဆွေးထည့်၊ နောက်ထပ် အချဥ်ဖောက်ထားတဲ့ မီးဖိုချောင် အမှိုက်တွေထည့်၊ အဲဒီအပေါ်က မြေဆွေးပြန်ထည့်ပြီးရင် အပင်စိုက်လို့ရပါပြီ။

ဒီနည်းက အမှိုက်ပြဿနာပြေလည်သလို စိမ်းလန်းတဲ့ဝန်းကျင်ဖြစ်တဲ့အထိပါ ကူညီပေးနိုင်တယ်လို့ သူတို့ယုံကြည်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။