မုန်တိုင်းသင့်စစ်တွေမှာ သောက်သုံးရေရှားပါးနေ
2023.05.26

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ရွာမှာ လူတစ်ထောင်ကျော် အဓိကအားထားနေရတဲ့ ရေကန်သုံးကန်ထဲက နှစ်ကန်ထဲကို မုန်တိုင်းကြောင့် ပင်လယ် ဆားငန်ရေတွေအပြည့်ဝင်နေတဲ့အတွက် သုံးမရတော့လို့ ဒေသခံတွေဟာ မေလ ၂၀ ရက်နေ့ကတည်းက စက်တွေနဲ့ အပူတပြင်း စုပ်ထုတ်နေကြရပါတယ်။
ဘယ်သူ့အကူအညီမှမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ စုပ်ထုတ်နေကြရတာလို့ ကျေးတောပိုက်ဆိပ်ရွာခံ ဦးဇော်ခင်က RFA ကိုပြောပါတယ်။
"စုပ်ထုတ်နေတာတွေကတော့ ရေငန်တွေပါ။ အားလုံးရေငန်အပြည့်ပါပဲ။ အကုန် ရေငန်ဖြစ်နေလို့ လုံးဝ သုံးလို့မရတော့ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ဒီရေငန်တွေကို စုပ်ထုတ်ပစ်လိုက်တာပါ။ မိုးရွာလာတဲ့အခါကျရင် ရေချိုပြန်ရအောင်လို့။ အခုလောလောဆယ် သုံးရေအတွက်တော့ မြို့ထဲက ဆက်ရိုးကျကန်ကနေ လက်တွန်းလှည်းနဲ့ သွားခပ်ကြတယ်။ တစ်ရက်ကို တစ်ကြိမ်လောက်ပဲ ခပ်နိုင်တယ်။ အသွားအပြန်ဆိုရင် ၄၅ မိနစ်လောက် ကြာတဲ့အတွက်ပါ"
ဆားငန်ရေတွေကိုစုပ်ထုတ်ဖို့အတွက် စက်သုံးဆီဖိုး၊ မီးစက်ငှားခ ခန့်မှန်း ကျပ်သိန်း ၂၀ ကျော် အကုန်အကျခံပြီး လုပ်နေကြရတာလို့ပြောပါတယ်။
ကျေးတောပိုက်ဆိပ်ရွာမှာ အိမ်ခြေလေးရာနီးပါး၊ လူဦးရေတစ်ထောင်ကျော် နေထိုင်ပါတယ်။ လက်ရှိမှာ ရေငန်အဝင်နည်းတဲ့ကန်တစ်ကန်ကိုပဲ အားကိုးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီကန်မှာလည်း ရေကနည်းနေပြီဖြစ်လို့ မိုးမကျခင် ရေခမ်းသွားရင် ဒေသခံတွေအတွက် ပိုပြီးခက်ခဲလာနိုင်တယ်လို့လည်း ပြောကြပါတယ်။
အခုအချိန်မှာ ရေချိုရဖို့အတွက် ပိုပင်ပန်းရတယ်လို့ ကျေးတောပိုက်ဆိပ်ရွာမှာနေထိုင်တဲ့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။
"ရေမရှိတဲ့အခါ ဒီကနေခပ်လိုက်၊ တက်လိုက်ဆိုတော့ အိမ်ကို တစ်ခေါက်သယ်ရတာ ဆိုတော့ တအားပန်းတာပေါ့။ နေကလည်းပူတယ်၊ အဲဒါကြောင့် အရမ်းပန်းတာပေါ့။ အရင်တုန်းကဆိုရင်တော့ မီးတွေလာရင် မော်တာတွေနဲ့ တင်ကြတာပေါ့။ ရှိတဲ့သူက တင်ကြတာပေါ့။ မရှိတဲ့သူက ဒီလိုခပ်ကြတယ်။ အခုကတော့ မီးကပိုဆိုးသွားတာပေါ့၊ မီးမရဘူးဆိုတော့"
ကျေးတောပိုက်ဆိပ်ရွာကို သောက်ရေသန့်ရောင်းတဲ့ကားတွေလည်း မလာတဲ့အတွက် ဆားငန်ရေ နည်းနည်းဝင်သွားတဲ့ ကန်ထဲကရေကိုပဲ ကြိုချက်သောက်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ လက်ရှိ သောက်ရေသန့်စျေးဟာ မုန်တိုင်း မတိုက်ခင်ကထက် နှစ်ဆနီးပါးလောက် တက်နေတယ်လို့ပြောကြပါတယ်။
ကျေးတောပိုက်ဆိပ်ရွာက အသက် ၂၅ နှစ်အရွယ် မနှင်းမိုးခိုင်ကတော့ ရေသန့် ဝယ်မသောက်နိုင်တဲ့အတွက် ရေငန်ဝင်ထားတဲ့ကန်ထဲကရေကိုပဲ ကြိုချက် သောက်နေရတယ်လို့ ပြောပါတယ်။
"သုံးဖို့အတွက် ရေခပ်ရတာကလည်း ပင်ပန်းတယ်။ ဒီရေကလည်း ငန်ပါတယ်။ သုံးလို့လည်း မကောင်းဘူး၊ သောက်လို့လည်းမကောင်း၊ ချက်လို့လည်း မကောင်းပါဘူး"
စစ်တွေမြို့မှာ မိုခါမုန်တိုင်းတိုက်ပြီးတဲ့နောက် သောက်သုံးရေ ပိုရှားနေပါတယ်။ ရေအရောင်းအဝယ်ကလည်း တွင်ကျယ်လာပါတယ်။
လီတာတစ်ထောင်ဆံ့ သုံးရေတစ်ဗူးကို ကျပ် ၃၅၀၀ အထိ ရှိနေတယ်လို့ စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန်းနုက ပြောပါတယ်။
"လီတာ တစ်ထောင်ဘူးဆိုရင် ၃၅၀၀၊ ဒီလို တွန်းလှည်းဘူးဆယ်ဘူးဆိုရင် တစ်ထောင်၊ ဒီလို တွန်းလှည်းဘူး ရှစ်ဘူးဆိုရင်တော့ ခြောက်ရာ ဒီလောက်ပါပဲ။ နောက် ဘူးသေးလေးတွေလည်း ငါးရာလောက်ပါပဲ"
စစ်တွေမြို့၊ ဘုမေကျေးရွာအုပ်စုမှာရှိတဲ့ သဲချောင်းအုန်းတောအကွက် (၁၀) မှာဆိုရင်လည်း သောက်သုံးရေအဓိကရနေတဲ့ ရေတုံကင် ၁၆၀ ထဲက ၁၅၀ ဟာ မုန်တိုင်းကြောင့် ပျက်စီး သွားတယ်လို့ ကျေးရွာ တာဝန်ရှိသူကပြောပါတယ်။
"ရေလည်းမရှိဘူး။ ရေလည်း ဆားငန်ရေဖြစ်နေတယ် လောလောဆယ်ဒီမှာ။ ရေတွေ ပိုက်တွေ အားလုံးပြိုသွားတယ်"
အဲဒီရွာမှာ အိမ်ခြေ ၁၆၀ နဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြပြီး ဒေသခံတွေဟာ ကျန်ရှိနေခဲ့တဲ့ ရေတုံကင် ၁၀ ခုလောက်ကိုပဲ အားကိုးနေကြရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီရေတုံကင်တွေဟာလည်း မုန်တိုင်းဒီရေကြောင့် ပင်လယ်ဆားငန်ရေတွေ ဝင်ရောက် ခဲ့တဲ့အတွက် ဝမ်းရောဂါတွေ ဖြစ်နေတယ်လို့ အသက် ၅၂ နှစ်အရွယ် ရိုဟင်ဂျာတစ်ဦး ဖြစ်တဲ့ ဦးကျော်သိန်းက RFA ကိုပြောပါတယ်။
"ရေလည်းမရှိဘူး။ ရေလည်း ဆားငန်ရေဖြစ်နေတယ် လောလောဆယ်ဒီမှာ။ ရေတွေ ပိုက်တွေ အားလုံးပြိုသွားတယ်၊ ဆားငန်ရေဖြစ်နေတယ်။ ကျွန်တော့်အိမ်မှာ မိသားစု ၁၉ ယောက်လောက် ရှိတယ်။ သုံးယောက်မှာ ဝမ်းရောဂါဖြစ်နေတယ်။ ရေနဲ့ အခက်အခဲ ဖြစ်လို့လေ။ ဆားငန်ရေ သောက်တာရှိတယ်။ အုန်းသီးသောက်တာရှိတယ်။ ဒီမှာ ပျက်စီးကုန်တော့ ဆေးကုလို့မရလို့လေ။ အခုလည်း အုန်းသီးစားနေတာ။ စားရေး၊ သောက်ရေးအခက်အခဲရှိလို့ ဝမ်းရောဂါတွေဖြစ်နေတယ်။ သုံးယောက်မှာ ဖြစ်နေတယ်။ နှစ်ယောက်မှာတော့ ဆေးဝါးမကုနိုင်လို့ အဲလိုပဲဖြစ်နေတယ်"
စစ်ကောင်စီကတော့ မုန်တိုင်းသင့်ဒေသခံတွေအတွက် သောက်သုံးရေလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာရှိခဲ့တဲ့ ရေဖြန့်ဖြူးရေးစနစ်က မုန်တိုင်းနဲ့အတူ ပျက်စီးခဲ့ရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ရေကတစ်ဆင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ ရလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးထားပါတယ်။
မြန်မာနိုင်ငံက လူဦးရေ ၅ ဒဿမ ၄ သန်းဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး အဲဒီအထဲက ၃ ဒဿမ ၂ သန်းဟာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။