အထည်ချုပ်စက်ရုံ စာရေးမကနေ တော်လှန်ရေးဆေးတပ်ဖွဲ့ဝင်ဖြစ်လာသူ
အသက် ၂၄ နှစ်အရွယ် မဝင်းစန္ဒာအောင်ဟာ တစ်ချိန်က ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်က အထည်ချုပ် စက်ရုံတစ်ခုမှာ စာရေးမအဖြစ် လုပ်ကိုင်ခဲ့သူပါ။
သူဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာရှိတဲ့ တောင်တွင်း PDF အဖွဲ့မှာ ဆေးတပ်သူအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နေတာ အခုဆို အချိန် ကိုးလခန့်ရှိနေပါပြီ။
သူအရင်ကလုပ်ကိုင်ခဲ့တဲ့ အထည်ချုပ်စက်ရုံဟာ ကိုရိုနာကပ်ဘေးကြောင့် ရပ်နားလိုက် ရတဲ့အတွက် မွေးရပ်မြေကို သူပြန်ရောက်လာခဲ့တာပါ။ အဲဒီနောက် စစ်အာဏာသိမ်းမှု ကြောင့် ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေ ဥပဒေမဲ့ သတ်ဖြတ်ခံလာရချိန်မှာပဲ အဲဒီဖြစ် ရပ်တွေက PDF အဖွဲ့ထဲဝင်ရောက်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ မဝင်းစန္ဒာအောင်က ပြောပါတယ်။
"ဆန္ဒပြတာတွေဘာတွေ စလိုက်တယ်။ စလိုက်ပြီးတဲ့နောက်ပိုင်းတွေမှာ ဒီပစ်ခတ်မှုတွေ၊ အဲလိုမျိုးတွေ မတရား ညှဉ်းပန်းနှိပ်စက်ပြီးတော့ အဲလိုမျိုးလုပ်တာတွေကို မခံမရပ် နိုင်ဖြစ်ပြီးတော့ ဆန္ဒပြတွေလည်း အကြိမ်ကြိမ်လိုက်ခဲ့တယ်။ ပြီးတော့ အဲအဖွဲ့ထဲကို ဝင်ဖို့ဆုံးဖြတ်ရတာကတော့ ကိုယ့်လူတွေ ဘာမှမဟုတ်ဘဲနဲ့ ဒီလိုလက်နက်အားကိုး ပြီးတော့၊ တအားနှိပ်စက်ညှဉ်းပန်းပြီးတော့ သတ်ဖြတ်နေတာမျိုးတွေကြည့်ပြီး မခံစားနိုင်ဘူးရှင့်။ ကိုယ်ချင်းလည်းစာတယ်။ အဲလိုမျိုးတွေကို သူတို့ကြည့်ပြီးရင် မျက်ရည်လည်းကျမိတယ်။ ဒေါသတွေလည်း ထွက်ပြီးတော့ ဒီစစ်အာဏာရှင်ကို ငါလည်းတတ်နိုင်သမျှ ပါဝင်ပြီးတော့ အမြစ်ဖြတ်ချေမှုန်းတဲ့အထိ အသက်ပေးပြီး လုပ်မယ်ဆိုပြီးတော့ ဒီဆုံးဖြတ်ချက်နဲ့ ဝင်ခဲ့တာပါရှင့်"
အခုလက်ရှိမှာတော့ သူဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
ဒီဆေးပညာကိုတော့ သူငယ်စဉ်ကပင် အနီးကပ်နေခွင့်ရခဲ့တဲ့ ဆွေမျိုးတော်စပ်သူ ဆရာဝန်မတစ်ဦးဆီကနေ လေ့လာသင်ယူခဲ့တာလို့ ဆိုပါတယ်။
PDF အဖွဲ့မှာ ဆေးပညာရပ်ပိုင်းကနေ ပါဝင်ကူညီနေပေမယ့် လိုအပ်ရင် စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးသင်တန်းကိုပါ တက်ရောက်ထား တယ်လို့ မဝင်းစန္ဒာအောင်က ပြောပါတယ်။
"အခုဟာက တိုက်ရေးခိုက်ရေးလည်း သင်ထားပါတယ်ရှင့်။ တိုက်ရေးခိုက်ရေးရော၊ သင်တန်းလည်း ဆင်းပါပြီးပြီ။ လိုအပ်ရင် လိုအပ်တဲ့နေရာမှာ ဆေးဆိုဆေးဘက်ကလည်း လုပ်ပေးတယ်ရှင့်။ ကျန်တဲ့နေရာတွေမှာ လိုအပ်လို့ စာရင်းဇယားဆို ဝိုင်းကူပေးတယ် ရှင့်။ ဘယ်နေရာမဆို လိုတဲ့နေရာကို အခုဖြည့်စွက်ပြီး လိုက်ကူပေးတယ်ရှင့်။ တကယ်လို့ တိုက်ရေးခိုက်ရေး လုပ်ရမှာဆိုလို့ရှိရင်လည်း၊ တကယ်လို့ တိုက်ပွဲတွေ လိုက်ရမှာဆိုလို့ ရှိရင်လည်း၊ ဘယ်လိုမှ မဖြစ်ဘူးဆိုရင်လည်း လိုက်မှာရှင့်။ လိုက်ဖြစ်အောင်လိုက်မှာ။ အဲဒီထိ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်အသက်တောင် ပေးထားပြီးပြီရှင့်"
"ကိုယ့်ရပ်ရွာမှမဟုတ်ဘူး ကိုယ့်နေရာဒေသရောက်တဲ့အရပ်မှာ အကုန်လုံးခက်ခဲသူကို လိုက်ပြီးတော့ ကူညီပေးဦးမှာရှင့်"
မဝင်းစန္ဒာအောင်ဟာ မိသားစုကို စွန့်ခွာပြီး လက်ရှိ ဆေးတပ်သူအဖြစ် တာဝန်ထမ်းဆောင် ရာမှာ အခက်ခဲတွေရှိပေမယ့် အမျိုးသမီးတစ်ဦးအနေနဲ့ စိတ်ပျက်၊ အားငယ်တာမရှိဘူးလို့ ဆိုပါတယ်။
"ဒီတောကြီးထဲ တောထဲတောင်ထဲမှာဆို မိုးရေစို၊ ဒီအတိုင်း အိပ်ရတာမျိုး၊ အစားဆင်းရဲ၊ အနေဆင်းရဲ အခက်အခဲတွေကတော့ အမျာကြီးတော့ရှိတယ်ရှင့်။ ဒါပေမဲ့ စိတ်ဓာတ် လည်း မကျဘူး။ အားလည်း မငယ်ဘူး။ ဇွဲလည်း မလျော့ဘူးရှင့်။ ဘယ်လိုအခက်အခဲ ရှိနေပါစေ အဓိက ရည်ရွယ်ချက်က ဒီအရေးတော်ပုံအောင်ဖို့၊ ဒီစစ်အာဏာရှင် လုံးဝ အမြစ်ပြတ်သွားဖို့ရာ အဓိကဆိုတော့ အဲဒါကို ခေါင်းထဲထည့်ပြီးတော့ ရှေ့ဆက်သွားတာမို့ အဲလိုမျိုး စိတ်ပျက်တာတွေ၊ အားငယ်တာတွေမရှိပါဘူးရှင့်"
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အပါအဝင် နေရာအသီးသီးက ပြည်သူတွေဟာ စစ်အာဏာ ရှင်ဆန့်ကျင်ရေးမှာ ပူးပေါင်းပါဝင်နေတာကြောင့် ပြည်သူတွေရဲ့ ရည်မှန်းချက် အောင်မြင် မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

အဲဒီအချိန်မှာ သူအသက်မသေဘဲ ရှိနေခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် ဆေးဝါးကုသ တဲ့အလုပ်ကိုပဲ ဆက်လုပ်သွားမယ်လို့ မဝင်းစန္ဒာအောင်က ပြောပါတယ်။
"ညီမလေးက ဒီတိုက်ပွဲ အရေးတော်ပုံကြီး အောင်သွားလို့ ကိုယ်အသက်ရှိထင်ရှား ကျန်ခဲ့ မယ်ဆိုရင် ညီမလေးကကျတော့ အဲလိုမျိုး ဒီကသူနာပြုတွေလည်း ဆက်ပြီးလုပ်ဦးမှာရှင့်၊ ဆက်ပြီးတော့ သင်တန်းတွေလည်း ဆက်ပြီးတက်ဦးမှာရှင့်။ တက်ပြီးရင် ကိုယ့်ရပ်ရွာမှ မဟုတ်ဘူး ကိုယ့်နေရာဒေသ ရောက်တဲ့အရပ်မှာ အကုန်လုံး ခက်ခဲသူကို လိုက်ပြီးတော့ ကူညီပေးဦးမှာရှင့်၊ ကိုယ်တတ်နိုင်တာလေးကိုပေါ့နော်"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ ပစ်ခတ်၊ သတ်ဖြတ်၊ ဖြိုခွဲတာတွေကြောင့် ရုပ်ရှင်မင်းသမီး၊ အမျိုးသမီး အဆိုတော်၊ CDM ကျောင်းဆရာမ၊ သီလရှင် အစရှိတဲ့ အလွှာပေါင်းစုံက အမျိုးသမီးတွေဟာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေကြတာပါ။
နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ အတွက် လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာကို အားမပေးပေမယ့် အာဏာသိမ်းစစ် ကောင်စီရဲ့ ပြည်သူတွေအပေါ် အင်အားသုံးဖိနှိပ် အကြမ်းဖက်မှုတွေက ဒီနေ့အထိ ရှိနေ ဆဲဖြစ်တာကြောင့် ပြည်သူတွေဘက်ကလည်း ရာရာလက်နက်နဲ့ ခုခံတော်လှန်မှုတွေက ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတယ်။