စစ်အာဏာသိမ်းမှုကြောင့် ရခိုင်ကိုလာရောက် အလုပ်လုပ်ကြသူများ

2022.01.27
စစ်အာဏာသိမ်းမှုကြောင့် ရခိုင်ကိုလာရောက် အလုပ်လုပ်ကြသူများ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဆောက်လုပ်ရေး လုပ်သားတစ်ဦးကို ၂၀၂၂ ဇန်နဝါရီ ၂ ရက်နေ့ကတွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့ က ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အရင်ကလို အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ရန်ကုန်က အခြေခံဆောက်လုပ်ရေး လုပ်သားတွေဟာ နယ်မြေတည်ငြိမ် အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့လုပ်ကိုင်မှုတွေ ရှိနေပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ကိုမျိုးထိုက် တစ်ယောက်လည်း ပါဝင် ပါတယ်။ သူကတော့ လွန်ခဲ့တဲ့နှစ်လကျော်လောက်ကပင် စစ်တွေမြို့မှာ လာရောက် အလုပ်လုပ်နေသူ တစ်ဦးပါ။

“ရန်ကုန်မှာကတော့ အရင်တုန်းကတော့ အလုပ်ကောင်းတာပေါ့။ အခုက နိုင်ငံရေး အခြေအနေက သိပ်မကောင်းတော့ ဒီမှာလည်းလုပ်ငန်းရှိတော့ ဒီဘက်ကိုပဲလာရတာပေ့ါ။ ပြည်မဘက်မှာတော့ အလုပ်အကိုင်ကပါးတာပေါ့။ ကိုဗစ်ကာလ ၂၀၁၉ ခုနှစ် နှစ်လ ပိုင်းလောက်ကတည်းက အလုပ်အကိုင်တွေက မကောင်းတော့တာ။ အဲဒီကနေ အခု အာဏာသိမ်းတော့ ပိုဆိုးသွားတာပေါ့ အလုပ်ကမရှိဘူး။ အလုပ်မရှိတဲ့ အခါကျတော့ တော်တော်လည်း အခက်အခဲတွေရှိတာပေါ့လေ။ ဆောက်လုပ်ရေးသမားတွေ ဆိုတော့လည်း တစ်ခါတစ်လေကျရင် လုပ်မှစားရတဲ့ အနေအထားတွေရှိတာပေါ့”

ရန်ကုန်တိုင်း သံလျင်မြို့နယ်က ကိုနေလင်းအောင်ကလည်း ရန်ကုန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ထားရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ရခိုင်ကို လာရောက် အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

“ရန်ကုန်မှာက အလုပ်တွေက အခုရှားပါးနေတယ်လေ။ အရင်တုန်းကဆိုရင် တစ်လ လုံးလုံး အချိန်ပြည့်အလုပ်ရှိတယ်။ အခုက တစ်လအပြည့် မလုပ်ရဘူး။ ဆယ်ရက်၊ ငါးရက်ပဲလုပ်ရတယ်။ နားရက်ကများတာပေါ့။ အလုပ်တွေက ပိတ်ထားတော့ ဆောက်မယ့်သူ ရှိတာတောင် အဆောက်အအုံတွေက ပိတ်ထားတော့ အလုပ်ကမဖြစ်ဘူး။ အဲဒါကြောင့် ရခိုင်မှာ သူငယ်ချင်းလည်းရှိတယ် ဒီမှာအရင်ကလည်း လေး၊ ငါးခါ လုပ်ဖူးတော့ အဲဒါကြောင့် ဒီကိုလာတာပေါ့။ ဒီမှာက လုပ်ရတာလည်းအဆင်ပြေတယ်”

ကိုနေလင်းအောင်နဲ့ ကိုမျိုးထိုက်တို့ဟာ စစ်တွေမြို့ပေါ်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ စားစရိတ်၊ နေစရိတ်ငြိမ်း တစ်နေ့ကို ငွေကျပ်တစ်သောင်းခွဲနဲ့ အတူတူ လုပ်ကိုင် နေကြသူတွေဖြစ်ပါတယ်။

ရန်ကုန်မှာဆိုရင် စစ်ဆေးရေးဂိတ်တွေကြောင့် အရင်ကလို လွတ်လွတ်လပ်လပ် သွားလာ လုပ်ကိုင်လို့ မရတော့တာကြောင့် ပိုပြီး အခက်အခဲ ဖြစ်ရတယ်လို့ပြောပါတယ်။

"အခု အာဏာသိမ်းတော့ ပိုဆိုးသွားတာပေါ့ အလုပ်ကမရှိဘူး။"

ဒါကြောင့် သူတို့လိုပဲ ပြည်မဘက်ကနေ ရခိုင်ပြည်နယ်ကို လာရောက် အလုပ် လုပ်ကိုင် လိုသူတွေ အများအပြား ရှိနေသေးတယ်လို့လည်း သူတို့ကဆိုပါတယ်။

ရခိုင်ပြည်နယ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ကိုထွန်းလှကျော်ကတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် ရခိုင်ပြည်နယ်ဟာ ရွေးချယ်စရာဒေသတစ်ခု ဖြစ်နေတာလို့ ပြောပါတယ်။

workers-in-rakhine
(ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားများကို ၂၀၂၂ ဇန်နဝါရီ ၂ ရက်နေ့က တွေ့ရစဉ်) Photo: RFA

“ပြည်မမှာတော့သူတို့နိုင်ငံရေး အခြေအနေကြောင့်ပေါ့ အဲဒီမှာကျရင် အလုပ် ရှားသွား တာပေါ့။ အဲဒါကြောင့် ရခိုင်မှာက အေးချမ်းတယ်ဆိုတော့ ရခိုင်ကိုလာပြီး အလုပ် လာလုပ်ကြတာလို့ ကြားတယ်။ အရင်တုန်းကတော့ မလာဘူး။ အရင်တုန်းကဆို ဒီမှာလည်း တိုက်ပွဲဖြစ်နေတုန်းဆိုတော့ အလုပ်အကိုင်က နည်းနည်း ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ရတာတွေ ရှိတယ်လေ။ အခုတော့ ပြည်မဘက်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ အပစ်အခတ်တွေကြောင့် ဒီဘက်ကို ဆင်းပြီးတော့ အေးချမ်းတဲ့ နေရာဒေသကိုလာပြီး အလုပ်လုပ်ကြတယ်”

ဒါပေမဲ့ လာရောက် အလုပ်လုပ်ကိုင်တဲ့ အရေအတွက်ကိုတော့ တိတိကျကျ သိဖို့ ခက်ခဲတယ်လို့ သူကဆိုပါတယ်။

ကိုမျိုးထိုက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေကြောင့် မိသားစုနဲ့ တစ်ကွဲ တပြားစီ လာရောက်လုပ်ကိုင် နေရတာဖြစ်လို့ အမြန်ဆုံး အေးချမ်းစေချင်တယ်လို့ ပြောပါတယ်။

“လုပ်ကိုင်စားသောက်ရတယ် ဆိုတာကတော့ နိုင်ငံရေးကောင်းရင် တိုင်းပြည် အေးချမ်း သာယာရင်တော့ ဘယ်လုပ်သားမဆို အလုပ်အကိုင်ရှိရင် အဆင်ပြေမှာပါ။ မလုပ်တဲ့လူပဲ မစားရမှာပေါ့။ အခုကကျတော့ လုပ်တဲ့လူရော မလုပ်တဲ့လူရော နိုင်ငံရေး မကောင်းတဲ့ အတွက် အခုလို တကွဲတပြားတွေ သွားလာလုပ်ကိုင် နေရတာပေါ့။ တကယ်တော့ နေရာတိုင်းအေးချမ်းနေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ အခြားလုပ်ငန်း အများအပြားပါ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့တာကြောင့် ကိုမျိုးထိုက်နဲ့ ကိုနေလင်းအောင်တို့ လို အခြေခံလုပ်သားတွေဟာ မိသားစုဝမ်းရေးအတွက် ဖြစ်သလို ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။