စစ်ကောင်စီလက်အောက် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေ ပိုများလာနေ
2024.03.04

ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၁)၊ ဦးရွှေဘင်လမ်းထဲက AA - Punn Stone ကွန်ကရစ် အုတ် လုပ်ငန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့အလုပ်သမားနှစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ခြေထောက်ဖြတ်လိုက်ရပေမဲ့ အလုပ်သမားအခွင့်အရေးမရဘဲ ပစ်ပယ်ခံထားရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးတဲ့သူတွေနဲ့ နစ်နာတဲ့ အလုပ်သမားတွေကိုယ်တိုင်က ပြောပါတယ်။
လုပ်ငန်းခွင်ထိခိုက်မှုအတွက် တာဝန်ယူဖို့ ကွန်ကရစ်အုတ်လုပ်ငန်းစက်ရုံပိုင်ရှင် ဦးအောင်သူရလင်းကို နစ်နာတဲ့ အလုပ်သမားတွေက ငါးကြိမ်အထိတောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ လုပ်ငန်းခွင်မှာ ခြေထောက်စွန့်လွှတ်လိုက်ရတဲ့ အသက် ၂၁ နှစ်အရွယ် မောင်နိုင်အောင်ဝင်းက ပြောပါတယ်။
"ဒီမှာကြည့် ကျွန်တော့်ခြေထောက် ဖြတ်လိုက်ရတာပါ၊ ကွန်ကရစ်ဖျော်စက်စက်ရုံမှာ အလုပ်လုပ်နေရင်း စက်ညပ်ပြီး ခြေထောက်ဖြတ်ပစ်လိုက်ရတာပါ။ ခြေထောက်ဖြတ်လိုက်ရတဲ့အတွက် စက်ရုံသူဌေးကို တာဝန်ယူပေးဖို့ ငါးကြိမ်လောက်အထိ ပြောခဲ့ပါတယ်။ သူဌေးက တာဝန်မယူပေးတဲ့အပြင် ဘာပြောလဲသိလား၊ မင်းတို့ အကူအညီတောင်းတာတွေ မပေးနိုင်ဘူးကွာ၊ တိုင်ချင်တဲ့နေရာ တိုင်လို့ ပြောပါတယ်။ ဒါကြောင့် မီဒီယာကနေ ဖွင့်ပြောရခြင်းဖြစ်ပါတယ်"
ခြေထောက်ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရတာကြောင့် အမြဲတမ်းမသန်စွမ်းဖြစ်သွားတဲ့အတွက် ဝင်ငွေရှာဖို့လည်း အဆင်မပြေတော့ဘူးလို့ သူကပြောပါတယ်။
အဲဒီကွန်ကရစ်အုတ်လုပ်ငန်းစက်ရုံမှာပဲ မောင်နိုင်အောင်ဝင်းအပြင် လုပ်ငန်းခွင်မှာ အလားတူဒဏ်ရာရခဲ့တဲ့ တခြားအလုပ်သမားတစ်ဦးလည်း ရှိပါသေးတယ်။ မောင်သန်းထက်အောင် ဆိုသူပါ။ မသန်စွမ်းဘဝကို ရောက်မသွားပေမဲ့ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မိုးသီးဆေးရုံမှာ တစ်လတိတိကုသခဲ့ရတယ်လို့ အသက် ၂၁ နှစ် အရွယ် မောင်သန်းထက်အောင်က ပြောပါတယ်။
"ကျွန်တော်ကတော့ ခြေထောက်မဖြတ်လိုက်ရပေမဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရှိပါတယ်။ မိုးသီးဆေးရုံမှာ တစ်လလောက် တက်ခဲ့ရပါတယ်။ ဆရာဝန်ကဆေးရုံက ဆင်းလို့ရပြီလို့ ပြောတဲ့အချိန်မှာ လုပ်ငန်းခွင်ထဲကို ပြန်သွားခဲ့ပါတယ်။ လေးရက် မြောက်လောက်မှာ HRက လက်မှတ်ထိုးဖို့ ခေါ်ပြောပါတယ်။ စာရွက်ထဲမှာ သူတို့ကြောင့် ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ့်ဘာသာ ပေါ့ဆလို့ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်း လက်မှတ်ထိုးခိုင်းတာသိတဲ့အတွက် လက်မှတ်မထိုးခဲ့ပါဘူး။ အဲဒီမှာလက်မှတ်မထိုးလို့ဆိုပြီး HR က အလုပ်ထုတ်လိုက်ပါတယ် "
AA - Punn Stone ကွန်ကရစ်အုတ်လုပ်ငန်းစက်ရုံမှာ ဖြစ်ခဲ့တာမှန်ပေမယ့် နစ်နာကြေးတွေကို စစ်ကောင်စီလက်အောက်ခံ လူမှုဖူလုံရေးဘက်ကနေ ရှင်းပေးရမဲ့ ကိစ္စဖြစ်တယ်လို့ AA - Punn Stone ကွန်ကရစ်အုတ်လုပ်ငန်းစက်ရုံရဲ့ အထွေထွေမန်နေဂျာ (General Manager) က ပြောပါတယ်။
"ဖြစ်တာကတော့ ကျွန်မတို့စက်ရုံမှာ ဖြစ်တာပါ၊ အစိုးရနဲ့ပတ်သက်ပြီးတော့ လူမှုဖူလုံရေးသွင်းထားတယ်ပေါ့နော်။ လူမှုဖူလုံ ရေးကြေးတွေအကုန်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့် လူမှုဖူလုံရေးက ကျန်တဲ့ကိစ္စတွေအားလုံးကို အကုန်ရှင်းပေးမှာပေါ့။ နစ်နာကြေးကို အစိုးရဘက်ကနေ ပြုလုပ်ပေးရမဲ့ကိစ္စတွေ ဖြစ်သွားပြီ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့က သူတို့ပြောတဲ့အတိုင်း အကုန်လုပ်ပေးထားတယ်ပေါ့နော်။ အဲဒီထက်ပိုပြီးတော့မှ စက်ရုံဘက်ကို ထိခိုက်စေမယ်ဆိုလို့ရှိရင်လည်း ပြန်ပြီးတော့ တရားစွဲဖို့တွေရှိတယ်ရှင့်။ ကုမ္ပဏီဘက်က နာမည်တွေတော့ မထည့်စေချင်ဘူးရှင့်။ ကျွန်မတို့ ကုမ္ပဏီဘက်က နာမည်ထိခိုက်တယ်ဆိုရင်တော့ ပြန်ပြီးတရားစွဲမှာပါရှင့်"
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ကို RFA ကဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်တဲ့ မသော်တာ ဆိုသူကတော့ အလညရဲ့ ဖြေရှင်းမှုဟာ သမာသမတ်မကျဘူးလို့ ပြောပါတယ်
"ခြေထောက်ဖြတ်လိုက်ရတဲ့ လုပ်ငန်းခွင်ထိခိုက်နစ်နာမှုမှာ လုပ်ငန်းရှင်ကပဲ တာဝန်ယူမှုကင်းမဲ့တာမျိုး မဟုတ်ဘဲနဲ့ အလုပ်သမားဦးစီးမှူးတွေလည်း သမာသမတ်ကျကျ ဖြေရှင်းပေးခဲ့တာမျိုး မတွေ့ခဲ့ရပါဘူး"
ဒူးအထက်ကဖြစ်စေ၊ ဒူးကနေစပြီး ခြေပြတ်သွာတာမျိုးဖြစ်စေ အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းဖြစ်သွားတာကြောင့် ၂၀၁၈ ခုနှစ်၊ အလုပ်သမားလျော်ကြေးဥပဒေမှာ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အမြဲတမ်းလုံးဝ မသန်စွမ်းဖြစ်သွားတယ်ဆိုရင် ပုဒ်မ ၁၉ (ခ) အရ အခကြေးငွေ လုပ်ခလစာရဲ့ ၃၆ ဆကို ပေးလျော်ရမယ်လို့ ပြဋ္ဌာန်းထားပြီး အလုပ်သမားကိုလျော်ကြေးပေးဖို့ ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားရင် ပုဒ်မ ၃၃ အရ တစ်နှစ်ထက်မနည်းတဲ့ ထောင်ဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးမရဘဲ ပစ်ပယ်ခံထားရတာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပိုများလာတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။