ပြည်ပထွက် အလုပ်လုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမားများ

မိယဉ်စနိုင်း
2022.02.16
ပြည်ပထွက် အလုပ်လုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမားများ ၂၀၂၀ ခုနှစ် မေလ ၁၂ ရက်နေ့က မူဆယ် နယ်စပ်ဂိတ်မှာ တွေ့ရတဲ့ မြန်မာအလုပ်သမားများ
Photo: AFP

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်တွေကို ပိုပြီးတင်းကြပ်လာပါ တယ်။ အလုပ်လုပ်ခွင့်အတွက် စောင့်ဆိုင်းရတဲ့အချိန် ကြာလာတာနဲ့အမျှ သက်ဆိုင်ရာဌာနတွေကို ငွေပေးသွင်းဖို့ အိမ်၊ ခြံ၊ မြေတွေ ပေါင်နှံရောင်းချခဲ့ရသူတွေ အခက်တွေ့နေကြပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှာ အင်တာဗျူးအောင်ထားတဲ့ မမိုးမိုးဟာ ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စောင့်နေတာ လေးနှစ်ကျော် ငါးနှစ်ဝန်းကျင် ရှိသွားပါပြီ။

"အာဏာမသိမ်းခဲ့ဘူးဆိုရင် နိုင်ငံက ပုံမှန်အတိုင်း လည်ပတ်နေမှာပေါ့နော်။ ဂျပန်က ပြည်ဝင်ခွင့်ဖွင့်ထားတဲ့ အချိန်မှာ သံရုံးက လည်ပတ်နေမယ်ဆိုရင် အစ်မတို့ လွတ်နိုင်တယ်။ အာဏာသိမ်းလိုက်တဲ့အချိန်မှာ အဆင့်ဆင့်တွေ ဖြစ်သွားပြီးတော့ လူဝင်ခွင့်မပေးဘူး၊ အီးမေးလ်နဲ့ ဘွတ်ကင်တင်ရတယ်။ ပြီးတော့ လူဦးရေကန့်သတ် တယ်။ အဲဒီအတွက် အမတို့အေဂျင်စီက ကြန့်ကြာသွားတယ်လို့ထင်တယ်။ အဲဒီမှာ မလွတ်ဘဲနဲ့ နောက်တစ်ကြိမ် ပိတ်မိသွားတယ်။ အဲဒါ နိုင်ငံရေးကြောင့် ပိတ်မိတာပေါ့နော်"

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို ငွေပေးသွင်းနိုင်ဖို့အတွက် ပိုင်ဆိုင်မှုတွေကို ပေါင်နှံရောင်းချပြီး အတိုးတွေနဲ့ အကြွေးနွံနစ်နေသူ အတော်များများရှိတယ်လို့ မမိုးမိုးက ဆက်ပြောပါတယ်။

"အခုအချိန်မှာ မသွားရဘူးဆိုရင် အေဂျင်စီက လိမ်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့၊ အသက်တစ်ဝက်လောက် စုထားတဲ့ပိုက်ဆံတွေပေါ့။ အစ်မကြားတယ် ရွာက သူငယ်ချင်းတွေပေါ့နော်၊ အတိုးတွေပေါ့ သုံးလေးကျပ် ငါးကျပ် တောင် မဟုတ်ဘူး၊ တစ်ဆယ်တိုးတို့။ လယ်တွေကိုလည်း ဧကလိုက် ရောင်းပြီးတော့ စောင့်နေရတဲ့ သူငယ်ချင်းတွေရှိတယ်"

ကိုဗစ်ကပ်ရောဂါပြန့်ပွားမှု အန္တရာယ်ကြောင့် ပြည်ပနိုင်ငံတွေက ပြည်ဝင်ခွင့်ကန့်သတ်လိုက်တာတွေရှိသလို၊ အာဏာသိမ်းစစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်တာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ PJ လို့ခေါ်တဲ့ အလုပ်သမား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအနေနဲ့ OWIC လို့ခေါ်တဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား ပြနိုင်မှသာ ပြည်ပကို ထွက်ခွာခွင့်ရတော့မှာပါ။

အရင်က MOU လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကို အလုပ်သွားလုပ်သူတွေသာ ပြည်ပအလုပ်အကို သက်သေခံကတ်ပြား လိုအပ်တာဖြစ်ပါတယ်။ ဒီကန့်သတ်ချက်ကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်မယ့်သူတွေ အထောက်အထား မပြည့်စုံလို့ဆိုပြီး ရန်ကုန် လေဆိပ်ကနေ ထွက်ခွင့်မပေးဘဲ တားဆီးခဲ့ပါတယ်။

"အဓိကကတော့ ပတ်စ်ပို့ ရုံးမှာပေါ့၊ ပုံမှန်ဆိုရင် ကိုယ့်ဘာသာကိုယ်လုပ်တာ သုံးသောင်းခွဲပဲ ကျတဲ့ဟာကို ပွဲစားတွေပါလာပြီးတော့ ၇ သောင်း ၈ သောင်း ဝန်းကျင် ပေးနေရတယ်ပေါ့နော်။ ပုံမှန်ကုန်ကျ စရိတ်ထက် ပိုပြီးတော့ များလာတယ်။"

အခုလို စစ်ကောင်စီက တင်းကြပ်နေတာနဲ့ပတ်သက်ပြီး ပြည်ပထွက်ဖို့ စောင့်နေသူတစ်ဦးဖြစ်တဲ့ မဖြူက သူ့ရဲ့အခက်အခဲကို အခုလို ပြောပြပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားထွက်ဖို့ကို ဘာတွေအခက်အခဲဖြစ်စေလဲဆိုတော့ အဓိကကတော့ ပတ်စ်ပို့ ရုံးမှာပေါ့နော်၊ လူတွေကတိုးဝှေ့ပြီးတော့ လုပ်နေကြတယ်။ ပုံမှန်ဆိုရင် ကိုယ့်ဘာသာကိုယ်လုပ်တာ သုံးသောင်းခွဲပဲ ကျတဲ့ဟာကို ပွဲစားတွေပါလာပြီးတော့ ၇ သောင်း ၈ သောင်း ဝန်းကျင် ပေးနေရတယ်ပေါ့နော်။ ပုံမှန်ကုန်ကျ စရိတ်ထက် ပိုပြီးတော့ များလာတယ်။ ဟိုအရင်ခေတ်ကလိုမျိုး ပွဲစားတွေနဲ့ ဖြစ်လာတယ်ပေါ့နော်။ ကိုယ့်ဘာသာ လုပ်ရင် အဆင်မပြေနိုင်တော့ဘူးပေါ့နော်၊ နေရာဦးတာတွေရှိတယ်"

ပြည်ပရောက် မြန်မာနိုင်ငံသားတွေက နွေဦးတော်လှန်ရေးအတွက် အလှူငွေထောက်ပံ့တာတွေ ရှိနေတဲ့အတွက် အဲဒီအချက်အလက်တွေရအောင် စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်တွေကို တင်းကြပ်နေတာဖြစ်တယ်လို့လည်း မဖြူက ဆက်ပြောပါတယ်။

"နိုင်ငံခြားကနေပြီးတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အလှူငွေပေးတဲ့အပိုင်းတွေ ရှိတယ်။ နိုင်ငံခြားကနေ လှမ်းပြီးတော့ မြန်မာနိုင်ငံအတွက် ပြန်ပြီးတော့ ထူထောင်ဖို့အတွက် တွန်းလှန်ဖို့အတွက် အလှူငွေပေးတာရှိတယ်။ အဲဒါမျိုးကြောင့် သူတို့တင်းကြပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကဒ်နဲ့သွားရင် (OWIC) ဘယ်သူဘယ်ဝါဆိုတာ အကုန်လုံးသိသွားတယ်ပေါ့နော် တခုခုဆိုသူတို့လိုက်ရတာလွယ်ဖို့ အတွက် တင်းကြပ်တာဖြစ်မယ်ထင်ပါတယ်”

အခုလို ပြည်ပထွက်ခွာသူတွေကို တင်းကြပ်နေတာဟာ စစ်ကောင်စီက သူတို့ရဲ့အကျိုးစီးပွားအတွက် လုပ်နေ တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါ တယ်။

"တပြည်လုံးက သူတို့ကိုဆန့်ကျင်နေတယ် ဆိုတာကလည်း သူတို့သိတယ်။ ဒါကြောင့် နိုင်ငံတကာကို ရောက် သွားတဲ့သူတွေက နိုင်ငံတကာကနေ သူတို့ကို ထပ်ပြီးတော့ဆန့်ကျင်လာတာကို သူတို့မြင်ပုံရတယ်။ သူတို့ အကျိုးစီးပွားကိုပဲ အဓိက ရှေးရှုပြီးတော့ အလုပ်သမားတွေကို ပို့တာပဲဖြစ်ဖြစ်၊ တင်းကြပ်တာဖြစ်ဖြစ်၊ သူတို့ အကျိုးစီးပွားကိုကြည့်ပြီး လုပ်နေမှာပဲပေါ့လေ"

worker.jpg

၁၉၉၀ ကနေ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ အလုပ်သမားဝန်ကြီးဌာနက စင်္ကာပူ ၊မလေးရှား၊ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံကို အလုပ်သမားတွေ စေလွှတ်ခဲ့ပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် အရင်တုန်းက ပိုက်ဆံသွင်းထားတဲ့သူတွေ ရှိတယ်။ ဒီ MOU နဲ့ သွားတာပဲဖြစ်ဖြစ်၊ အေဂျင်စီ တွေကို ပိုက်ဆံသွင်းထားတဲ့သူတွေလည်း ရှိတယ်။ နဂိုကတည်းက အလုပ်သွားလုပ်ပြီ ဆိုကတည်းက ဒီလုပ်ခ လစာကို ရပ်တည်ရတယ်။ သူတို့မှာလည်းအဆင်မပြေဘူး ပေါင်နှံချေးငှားဒီလိုမျိုးတွေရှာဖွေထားကြရတယ် ဒါတွေကိုပြန်ပေးရမယ့်အခြေအနေတွေရှိတယ် သူတို့မိသားစုတွေရှိတယ် အလုပ်သွားလုပ်မှကိုရမယ့်သူတွေ ရှိတယ် ထမင်းစားရဖို့ရပ်တည်ရတဲ့သူတွေဖြစ်တယ် အဲဒီတော့ သူတို့ဘက်ကတော့သွားကိုသွားရမှာပေါ့ စစ်ကောင်စီကနည်းမျိုးစုံနဲ့တင်းကြပ်လာတဲ့အခါကျတော့ တဖက်ကလည်းစားဝတ်နေရေးပြဿနာရှိတယ်။”

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ၂၀၂၂ ဇန်နဝါရီလက ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု ကြောင့်မြန်မာနိုင်ငံမှာလူဦးရေ တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေအရ နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်ထားပါတယ်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM-Myanmar) ရဲ့စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ ပြည်တွင်း (ဒါမှမဟုတ်) ပြည်ပမှာ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ပြည့်နှစ် စာရင်းတွေအရ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အိမ်ပြန်ပို့ ပေးတဲ့ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂၄ ဘီလီယံနီးပါး ရှိနေပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းမှာ အလုပ်အကိုင်ခက်ခဲတဲ့အတွက် ပိုင်ဆိုင်မှုတွေ ပေါင်နှံရောင်းချပြီး ပြည်ပထွက် အလုပ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အလုပ်သမားတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် အချိန်ကြန့်ကြာ နေပြီး ပြည်ပထွက်ခွာခွင့်ရဖို့ မျှော်လင့်နေကြဆဲပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။