ဝမ်းရေးကြောင့် ဇွဲမလျှော့နိုင်သေးတဲ့ ရန်ကုန်မြို့က ကုန်ထမ်းသမား အဘိုးအို

RFA Burmese
2025.03.06
ဝမ်းရေးကြောင့် ဇွဲမလျှော့နိုင်သေးတဲ့ ရန်ကုန်မြို့က ကုန်ထမ်းသမား အဘိုးအို ရန်ကုန်ဆိပ်ကမ်းတွင် ဆန်ထမ်းနေသည့် ဦးဘုန်းမြင့်ကို ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့က အသက် ၆၉ နှစ်အရွယ် ဆိပ်ကမ်းလုပ်သား ဦးဘုန်းမြင့်ဟာ အသက်အရွယ်ကြောင့် အရင်လို အပြည့်အဝ အလုပ်မလုပ်နိုင်တော့ပေမဲ့ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် မိသားစုရပ်တည်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

“အဲဒီ ခါးတွေနာတယ်။ ဒီခြေသလုံးကြွက်သားတွေ နာတယ်။ နောက်ဒီလို ထမ်းတဲ့ပိုးတဲ့အခါကျတော့ ဒီလို ဇက်တွေ နာတယ်။ ဒီလို ဇက်တွေကလေ အဲဒီလို အဲဒီလိုလုပ်လိုက်ရင် အရမ်းနာတယ်။ အဲဒီ ခါးတွေနာတယ်။ မနက်ကျရင် မထနိုင်ဘူး”

ဒလမြို့မှာနေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် ဦးဘုန်းမြင့်ဟာ ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုမှာ အခုလို ကုန်ထမ်း အလုပ်လုပ်နေတာ နှစ်ပေါင်း လေးဆယ်ကျော်ပါပြီ။ အခုတော့ အရင်ကလို မဖျတ်လတ်နိုင်တော့ဘဲ ၁၀၈ ပေါင် လေးတဲ့ ဆန်အိတ်ကို သင်္ဘောပေါ်ကနေ ကားပေါ်ရောက်တဲ့အထိ တဖြည်းဖြည်းချင်းထမ်းတက်နေရတာပါ။

"အခုဆိုရင် အဘမေ့နေတာ။ ထမင်းမစားရသေးဘူး။ တစ်ခါတလေကျရင် အဲဒီလိုပဲ။ အိမ်အပြန်ကို ပိုက်ဆံမရှိလို့ မပါဘူးဆိုရင် မစားဖြစ်ဘူး။ မစားတော့ဘူး”

သူ့အတွက် ဆန်တစ်အိတ်ထမ်းရင် ငွေကျပ် နှစ်ရာ ရပါတယ်။ သူနဲ့အတူ ဆန်ထမ်းသူတွေက တစ်နေ့ကို ဆန်အိတ် ၁၅၀ လောက်အထိ ထမ်းနိုင်ကြပေမဲ့ သူကတော့ တစ်နေ့ကို ဆန်အိတ် နှစ်ဆယ်ကျော်ရဖို့တောင် ခက်ခဲပါတယ်။

သူဟာ ဆန်အိတ်တွေကို ကားပေါ်မှာစီပေးရတာ၊ ဆန်အိတ်တွေ မပျောက်ရအောင် စောင့်ကြည့်ပေးရတာ စသဖြင့် သူ့ တစ်နေ့တာ လုပ်အားခ စုစုပေါင်းဟာ ကျပ်တစ်သောင်းဝန်းကျင် ရှိပါတယ်။ ဒါပေမဲ့ ဒီဝင်ငွေက လက်ရှိကာလမှာ သူတို့မိသားစု ဝဝလင်လင် စားသောက်ဖို့ ခက်ခဲပါတယ်။

“ဒီနေ့ ဆန်ဘယ်လောက်တက်တယ်။ ကိုယ်က အခြေအနေကြည့်ထားလိုက်တဲ့အတွက် သိတယ်လေ။ အနည်းဆုံး ငါးထောင်ရမယ်ဆိုရင် ဒီငါးထောင် ငါဘယ်လိုရှာမလဲ။ ကမာစီ (ဆန်အိတ်စီ) လို့ ရမလား။ ကမာ စီခိုင်းမလား။ မစီခိုင်းဘူးဆိုရင် သူ့လူနဲ့သူ ပါလာလို့ ကိုယ်မစီရဘူးဆိုရင် ပိုက်ဆံမရဘူး။ အဲဒီအတွက်ကို ဘာလုပ်ရမလဲ။ ရှိတဲ့ ဂိုဏ်းတွေမှာ လိုက်ထမ်းရတယ်။ ထမ်းရင် အိမ်အပြန်ကိုတော့ ရှစ်ထောင်၊ တစ်သောင်း တော့ ပါအောင် ယူရတယ်။ အခုဆိုရင် အဘမေ့နေတာ။ ထမင်းမစားရသေးဘူး။ မေ့နေတာ။ အခုမှ သတိရတာ အဲဒါ။ တစ်ခါတလေကျရင် အဲဒီလိုပဲ။ အိမ်အပြန်ကို ပိုက်ဆံမရှိလို့ မပါဘူးဆိုရင် မစားဖြစ်ဘူး။ မစားတော့ဘူး”

ဦးဘုန်းမြင့်ဟာ အရင်က အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (ကစလ) မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ရာ ကနေ လစာနည်းလို့ အသက် သုံးဆယ်လောက်မှာ ကုန်ထမ်းလုပ်သားအဖြစ် ပြောင်းလဲ ရပ်တည်ခဲ့ တာပါ။

သူ့မှာ အသက် ၂၀ ကနေ ၃၀ အရွယ် သမီးသုံးယောက်ရှိပြီး အဲဒီအထဲက နှစ်ယောက်ကတော့ အိမ်ထောင်ခွဲ တွေပါ။ ဦးဘုန်းမြင့်ဟာ ကျန်အကြီးဆုံးသမီး၊ မြေး၊ ဇနီးနဲ့အတူ နေထိုင်နေတာပါ။

သူတို့မိသားစုအတွက် တစ်လအိမ်ငှားခ ကျပ်လေးသောင်းအပြင် လျှပ်စစ်မီးဖိုး တစ်နေ့တစ်ထောင်ကျပ်၊ မီးသွေးဖိုးနဲ့ ရေဖိုးတစ်နေ့ နှစ်ထောင်ဝန်းကျင် နေ့စဉ် ကုန်ကျပါတယ်။

ရန်ကုန်ဆိပ်ကမ်းတွင် ဆန်ထမ်းနေသည့် ဦးဘုန်းမြင့်ကို ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်ဆိပ်ကမ်းတွင် ဆန်ထမ်းနေသည့် ဦးဘုန်းမြင့်ကို ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဦးဘုန်းမြင့်ရဲ့ ဇနီးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်တင်လှိုင်ဟာ ဆီးချို၊ သွေးတိုးနဲ့ လေးဘက်နာ ဝေဒနာသည် ဖြစ်တာကြောင့် ဦးဘုန်းမြင့်ရဲ့ ဝင်ငွေကိုပဲ အားကိုးနေရသူပါ။

“ပိုက်ဆံ တစ်သောင်းက ညနေဆိုရင် မရှိတာတော့ အမှန်ပဲ။ တစ်ခါတလေကျရင် သူလာလို့ တစ်ရာတောင် မကျန်တော့ဘူးကိုယ့်မှာ အဲဒီလိုမျိုး။ ဒီတစ်သောင်းဆိုတာတော့ မလောက်ပေမဲ့ ဒီလို ခြစ်ခြုတ်ပြီးတော့ပေါ့။ ခုနပြောသလို အန်တီတို့က အများကြီးတော့ မဝယ်နိုင်ဘူး။ ကြက်သွန်ဆိုလည်း ဒီ သုံးလေးရာဖိုးပေါ့။ အချိုမှုန့်လေး သုံးလေးရာတန်လေးနဲ့ပဲ ဝယ်ပြီးတော့ အဲဒီလိုမျိုးပဲ မိသားစု စားရတာပေါ့ကွယ်”

အသက် ၃၉ နှစ်အရွယ် ကိုအောင်မျိုးထွန်းကတော့ ဦးဘုန်းမြင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ။ ဦးဘုန်းမြင့်ဟာ အသက်ကြီးလာလို့ သက်သာတဲ့နေရာတွေမှာသာ လုပ်နိုင်တော့တာကြောင့် ဝင်ငွေလည်း နည်းတာလို့ ပြောပါတယ်။

“ကျွန်တော်တို့လောက်တော့ ပြောရမယ်ဆိုရင် ပိုက်ဆံတွေ ဘာတွေ မရဘူးပေါ့ အစ်ကိုရယ်။ သူကတော့ အသက်ကြီး ပိုင်းဆိုတော့လည်း သူ့ကို ညှာတဲ့အနေနဲ့ အဲဒီလို လူကြီးတွေ ဂိုဏ်းမှူးတွေကနေပြီးတော့ သက်သာတဲ့ နေရာလေး ဘာလေးတွေမှာ ဟိုခိုင်း ဒီခိုင်းပေါ့။ အဲဒီလိုမျိုးလေးတွေ။ ဒိုင်ကို သွားပို့၊ ဆန်နမူနာထုပ်လေးတွေ သွားပို့တာတို့ ဘာတို့ အဲဒါမျိုးလေးတွေပေါ့။ အဲဒါမျိုးလေးတွေတော့ လုပ်တယ်”


ဆက်နွှယ်သော သတင်းများ

အသက် ရှစ်ဆယ်ကျော်ပေမဲ့ ဆိုက်ကားနင်းနေဆဲဖြစ်တဲ့ ပင်စင်စား ဦးစံအေး

ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို

ဝမ်းရေးအတွက် ထင်းခုတ်ရုန်းကန်နေတဲ့ သက်ကြီး ဇနီးမောင်နှံ


ဦးဘုန်းမြင့်ဟာ အသက်ကြီးပေမဲ့ စားဝတ်နေရေးကြောင့် ဇွဲမလျှော့ဘဲ လုပ်ကိုင်နေရတာလို့ သူရဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးစိုးနိုင်ဦးက ပြောပါတယ်။

“သူများ သုံးလှမ်းလောက်လျှောက်ရင် သူတစ်လှမ်းခွဲလောက်ကတော့ သွားနိုင်သေးတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သူက ဟိုးတုန်းကတည်းကနေ ဒီလုပ်လာတဲ့အခံရှိတော့ အလုပ်ကြမ်းသမား၊ ခံနိုင်ရည် ရှိတယ်ပေါ့ဗျာ။ နောက်ပြီးတော့ စိတ်ကလည်း ဆောင်တာပေါ့”

စားဝတ်နေရေးပြေလည်ပြီး အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ချင်တာကြောင့် ဝင်ငွေပိုရတဲ့ ကုန်ထမ်းတဲ့အလုပ်ကို စတင်လုပ်ကိုင်ခဲ့တဲ့ ဦးဘုန်းမြင့်ဟာ သူ့ရဲ့ရည်ရွယ်ချက်တွေ မပြည့်မချင်း ဒီအလုပ်ကို ဆက်ပြီးလုပ်နေရဦးမှာ ဖြစ်ပါတယ်။

“အဲဒီလို အေးအေးချမ်းချမ်းနေပြီးတော့ ကိုယ့်မိသားစုလေး ဘဝလေးကို တည်တည်တံ့တံ့လေးနဲ့ မိသားစု စိတ်နဲ့ အမြဲတမ်းတည်မြဲနေတဲ့ ဘဝကို လိုချင်တာ။ ဘာလုပ်ရမှ၊ ညာလုပ်ရမှဆိုတာ စိတ်ထဲမရှိဘူး။ အဲဒီအတွက် ပိုက်ဆံရှာဖို့အတွက် အဘ ဒီကုန်ထမ်းတဲ့အလုပ်ကို လုပ်တာ။ ပိုက်ဆံရှိမှ မိသားစုဘဝက ကောင်းကောင်းနေလို့ ရမှာလေ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။