ရန်ကုန်စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ပိုများလာ
2023.04.19
အရင်ခေတ်တွေကတည်းက အလုပ်သမားအခွင့်အရေး အပြည့်အဝမရတဲ့ မြန်မာနိုင်ငံမှာ အခုတစ်ခါ စစ်တပ်အာဏာသိမ်းထားတဲ့ ကာလမှာတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေပိုများ လာတယ်လို့ အလုပ်သမားတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ သူတို့ကို ဥပဒေပိုင်းဆိုင်ရာ ကူညီပေးနေတဲ့သူ တွေကပြောပါတယ်။
ရွှေပြည်သာနဲ့ လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်းက စက်မှုဇုန်လေးခုမှာ နှစ်နှစ်ကျော်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့အမှုပေါင်း ၅၀၀ ကျော်ရှိနေပြီး အဲဒီအထဲက အမှု ၄၅၀ နီးပါးဟာ ဥပဒေမဲ့ အလုပ်ဖြုတ်ခံရတာတွေဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီ ဆောင်ရွက်နေတဲ့သူတွေက ပြောပါတယ်။
ဒီလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရနေရတဲ့အထဲမှာ အထည်ချုပ်လုပ်ငန်းတွေက အများဆုံး ဖြစ်နေတယ်လို့ ဥပဒေပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသူရိန်အောင်က ပြောပါတယ်။
"ကျနော်တို့ဆီမှာရှိထားတဲ့ အချက်အလက်တွေအရဆိုရင် ၂၀၂၁ ခုနှစ်ကနေ အခုအချိအထိ ၅၂၉ မှု ရှိတယ်၊ ၄၄၈ မှုက အထည်ချုပ်ကဏ္ဍမှာ ဖြစ်ခဲ့တာပါ။ ဒီအချက်လက်တွေက ရန်ကုန်တိုင်း စက်မှုဇုန် လေးခုကပဲ ကောက်ယူ ရရှိထားတာဖြစ်ပါတယ်။ အဲဒီထဲမှာမှ အများဆုံးအမှုကတော့ ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ အမှုပေါ့၊ ဒုတိယလိုက်တဲ့ အမှုကတော့ အချိန်ပိုပိုင်းနဲ့ ဆက်စပ်တဲ့အမှုပါ"
အာဏာမသိမ်းခင်က နေ့စားအလုပ်သမားတစ်ဦးဟာ တစ်နေ့လုပ်ခလစာ ကျပ်ငွေ ၄၈၀၀ ရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ လုပ်ခအပြည့်မရတဲ့အပြင် အချိန်ပိုခိုင်းစေခံရတာတွေကို စက်ရုံတော်တော် များများမှာ ကြုံနေရတယ်လို့ အထည်ချုပ်စက်ရုံတစ်ရုံက အလုပ်သမား မစုစုက RFA ကိုပြောပါတယ်။
"အထည်ချုပ်အလုပ်သမားတွေက အာဏာမသိမ်းခင်အချိန်တုန်းက တစ်နေ့ကို ၄၈၀၀ ကျပ် အပြည့် အဝရတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ အခုချိန်အထိ ၄၈၀၀ ကျပ် မရခဲ့ဖူးဘူး။ နောက် အချိန်ပိုဆင်းရတဲ့နေ့တွေမှာလည်း အလုပ်ရှင်က အပြည့်မပေးဘူး။ ကျမတို့ အလုပ်သမားတွေအနေနဲ့ မကျေနပ်လို့ပြောမယ်ဆိုပြန်တော့လည်း အလုပ်ထုတ်ခံရတာပဲအဖတ်တင်မယ်လေ။ ပြီးတော့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေကို တိုင်မယ်ဆိုပြန်တော့လည်း သူတို့တွေကိုယ်တိုင်တောင် ရှောင်တိမ်းနေကြရတယ်"
နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်လို့ အထည်ချုပ်စက်ရုံတချို့ပိတ်လိုက်တဲ့အတွက် အလုပ်ပြုတ်တဲ့သူ အရေအတွက်လည်းများလာပါတယ်။ ဒါကြောင့် စက်ရုံတစ်ရုံမှာ အလုပ်တည်မြဲဖို့အတွက် ဖိနှိပ်သမျှကို ခေါင်းငုံ့ခံပြီး ဆက်လုပ်နေရတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မအေးမာက ပြောပါတယ်။
"ငွေကြေးအရ ခေါင်းပုံဖြတ်တာကိုလည်း ခံရတယ်။ လုပ်အားအရ ညှစ်ထုတ်မှုကိုလည်း ခံရတယ်။ အချိန်ပိုင်းအရ အမြတ်ထုတ်တာကိုလည်း အလုပ်သမားတွေက ခံနေရတယ်။ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုလို့ရှိရင် အလုပ်သမားတွေ လုပ်ခလစာကြေးက တစ်ရက်ကို ၄၈၀၀ ကျပ်က သတ်မှတ်ထားတာကြာပြီ၊ အခုဟာက အဲဒီနှုန်းထက် ပိုတက်မလာဘဲ ပိုပြီးတော့လျော့သွားတယ်။ ၃၀၀၀ ကျော်ကျော်ပဲရတယ်။ ပိုဆိုးတာက နားရမယ့် ရက်တွေမှာ အလုပ်ရှင်တွေကို အလကား ဆင်းပေးနေရတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရော အတူတူပဲ"
အရင်က အလုပ်သမားအခွင့်အရေး အပြည့်ရဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့သူတို့လို သမဂ္ဂအဖွဲ့ဝင်တွေကို အာဏာသိမ်းပြီးနောက်မှာ လုပ်ငန်းရှင်တွေသာမက စစ်ကောင်စီ အာဏာပိုင်တွေကလည်း မျက်ခြေမပြတ် စောင့်ကြည့်နေတာကြောင့် အများစုက ရှောင်တိမ်းနေရတယ်လို့လည်း မအေးမာက ဆိုပါတယ်။
"၃၀၀၀ ကျော်ကျော်ပဲရတယ်။ ပိုဆိုးတာက နားရမယ့် ရက်တွေမှာ အလုပ်ရှင်တွေကို အလကား ဆင်းပေးနေရတယ်။"
ဒဂုံဆိပ်ကမ်းမှာနေထိုင်တဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့ မမိုးသွယ်ကတော့ ဥပဒေပါ ခံစားခွင့်တွေ မရတဲ့အထဲမှာ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဖျားနာခွင့်နဲ့ မိဘဆွေမျိုးသားချင်းတွေ သေဆုံးတဲ့ နာရေးကိစ္စမျိုးမှာတောင် ခွင့်ယူလို့မရဘူးလို့ RFA ကို ပြောပါတယ်။
"အထည်ချုပ်စက်ရုံတွေမှာ လူမှုဖူလုံရေးဆိုတာ ရှိတယ်။ နေမကောင်းဖြစ်တဲ့အခါမှာ အဖျားအပူချိန်က ၁၀၀ ရှိတယ်၊မျက်နှာတွေဖောယောင်ပြီး အသားတွေယားလာတဲ့အခါ လူမှုဖူလုံရေးကိုသွားတယ်။ သူတို့က ဆေးခွင့်ကို တစ်ရက်ပဲပေးတယ်၊ လုပ်ငန်းရှင်တွေရဲ့ သဘောဆန္ဒအတိုင်းပဲပေးတယ်။ အဲဒီလိုမျိုး အာဏာမသိမ်းခင်ကလည်း ဖြစ်ခဲ့ဘူးတယ်၊ အဲတုန်းက သုံးရက်လောက်ရတယ်။ အခုအာဏာသိမ်း ပြီးတဲ့နောက်မှာတော့ တစ်ရက်ပဲရတာကြောင့် နေထိုင်မကောင်းတဲ့ကြားထဲမှာ မျက်နှာကြီး ဖောယောင်နေတဲ့ အနေထားကြီးနဲ့ အလုပ်ဆင်းပေးခဲ့ရတယ်"
အလုပ်သမားတွေရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအထည်ချုပ်စက်ရုံတွေက မန်နေဂျာတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပြီး အလုပ်သမားပြဿနာတွေကို ကြားဝင် ဖြေရှင်းပေးလေ့ရှိတဲ့ ခုံသမာဓိကောင်စီဝင်တွေကို ဖုန်းခေါ်ခဲ့ပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။
မင်္ဂလာဒုံစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မမိုးစန္ဒာမြင့်ကတော့၊ မိသားစုများပြီး ဝင်ငွေနည်းလွန်းတဲ့မိသားစုက အမျိုးသမီးအလုပ်သမားတွေဟာ အကျပ်အတည်းမျိုးစုံကြောင့် စက်ရုံတွေမှာ ဆက်မလုပ်တော့ဘဲ ပြည့်တန်ဆာဘဝကို ရောက်ကုန်တယ်လို့ ပြောပါတယ်။
"လုပ်ခလစာနဲ့ နေ့စဉ်စားဝတ်နေရေးက အဆင်မပြေဘူး။ ကုန်စျေးနှုန်းတွေကလည်း တက်နေတဲ့ အချိန် လုပ်ခလစာကလည်း နည်းပါးတယ်။ ဒီအချိန်မှာ အချိန်ပိုဆင်းပေးတဲ့ ရက်တွေမှာလည်း လုပ်ခ လစာကမရတော့ ဝင်ငွေတစ်ခုအတွက် လမ်းကြောင်းမှားသည့်တိုင် အဲဒီလိုလမ်းမျိုးကို ရွေးချယ်နေကြတဲ့ ဝန်ထမ်းတွေလည်း ရှိလာပြီ။ အဲဒီအလုပ်ကတော့ ခန္ဓာကိုယ်ကို ရောင်းစားရတဲ့အလုပ်ပါပဲ"
အာဏာသိမ်းပြီးနောက် လုံခြုံရေးအရ အလုပ်သမားသမဂ္ဂဝင်တွေ ပုန်းရှောင်နေရတာကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများလာတာလို့လည်း ဥပဒေပိုင်းဆိုင်ရာ ကူညီနေတဲ့ ကိုသူရိန်အောင်က ပြောပါတယ်။
"ဒီပြသနာတွေကို အဓိကဖြစ်စေတဲ့ မူလရင်းမြစ်ကတော့ အာဏာသိမ်းမှုက စလာတာပေါ့၊ ဒီနောက်ပိုင်းမှာ ကူညီပေးမှုကို လိုက်လုပ်ပေးနေရတယ်ဆိုတာက အဲဒီမူလရင်းမြစ်ကို မဖြေရှင်းဘဲနဲ့ ကျန်တဲ့ကိစ္စတွေကို လိုက်ဖြေရှင်းပေးနေရတယ် ဆိုတာကတော့ ဆန်စေ့စင်ရာ ကျည်ပွေ့လိုက်သလို ဖြစ်နေမှာပဲပေါ့၊ ဒါပေမဲ့ ကျနော်တို့က တတ်နိုင်သလောက်လေးတော့ အလုပ်သမားတွေရဲ့ ခက်ခဲနေတဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ယူဆတဲ့သဘောမျိုးနဲ့ ဆောင်ရွက်ပေးနေတာပါ"
မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုရဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အဖမ်းခံထားရတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေနဲ့အလုပ်သမား အခွင့်အရေးလှုပ်ရှားတဲ့သူ ၃၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကတော့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု တွေမှာ တိုက်ရိုက်ကြားဝင်တာမျိုးမရှိပေမဲ့ ပြဿနာတွေကို သက်ဆိုင်သူအားလုံး စေ့စပ်ညှိုနှိုင်း အဖြေရှာဖို့ တိုက်တွန်း အားပေးတဲ့အကြောင်း အလုပ်သမားပြဿနာတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ RFA က မေးမြန်းခဲ့အချိန်က ပြန်လည်ဖြေကြားထားပါတယ်။