စစ်မှုထမ်းဥပဒေ ဖိနှိပ်မှုအောက်က လူငယ်တစ်ဦးရဲ့ ခရီးကြမ်း

RFA Burmese
2025.03.10
စစ်မှုထမ်းဥပဒေ ဖိနှိပ်မှုအောက်က လူငယ်တစ်ဦးရဲ့ ခရီးကြမ်း စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရသည့် မမီးမီးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေရဲ့ ဖိအားကြောင့် မိသားစုနဲ့ အေးချမ်းတဲ့ဘဝကို စွန့်ခွာခဲ့ရပြီး ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ရင်း ကြောက်ရွံ့မှုနဲ့ နေ့စဥ် ရင်ဆိုင်နေရတဲ့ မမီးမီးဟာ ထိုင်းမှာ ကျောင်းသားဗီဇာနဲ့ရှင်သန်ဖို့ ရုန်းကန်နေရသူတစ်ဦးပါ။ သူ့လို ပြည်ပနိုင်ငံတွေမှာ အခက်အခဲမျိုးစုံနဲ့ ကြုံနေရတဲ့ မြန်မာလူငယ်တွေ ဒုနှင့်ဒေးရှိနေပါတယ်။

“အလုပ် စရောက်သွားပြီဆိုတာနဲ့ အသက်ရှုအရမ်းကျပ်သလို ခံစားရတယ်။ ED (Education) Visa နဲ့ဆိုတော့ အလုပ်က တရားဝင်လုပ်ခွင့် မရဘူးလေ။ အလုပ်လုပ်နေရတယ်ဆိုပေမဲ့ ငါ ဘယ်အချိန် အဖမ်းခံရတော့မလဲဆိုတာမျိုး။ ဘယ်လိုပဲပြောပြော အဲဒီအချိန်မှာတော့၊ အလုပ်လုပ်နေတဲ့ အချိန်မှာတော့ ဒီအချိန်ကို အရမ်းပြီးချင်တာပေါ့”

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေရတဲ့ အသက် ၂၄ နှစ်အရွယ် မမီးမီးဟာ ဒီစကားတွေကိုပြောရင်း မျက်ရည်တွေ ထိန်းမထားနိုင်ခဲ့ပါဘူး။ သူ့အသံထဲမှာ မလုံခြုံမှု၊ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတယ်။

မမီးမီးဟာ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်က မိသားစုနဲ့ အေးချမ်းစွာ နေထိုင်ရာကနေ ထွက်ပြေးလာရသူတစ်ဦးပါ။

“စိတ်လုံခြုံမှု မရှိဘူး။ အလုပ်ဆင်း၊ အလုပ်တက်နေတဲ့အချိန်မှာလည်း သွားရလာရတဲ့လမ်းမှာ အန္တရာယ်တွေ ဘာတွေနဲ့ လုံခြုံမှုမရှိဘူး။ ဆိုတော့ ဘယ်လိုပဲနေရ နေရ၊ မြန်မာနိုင်ငံထက်စာရင်တော့ လုံခြုံမှုရှိမယ်ထင်လို့ ဒီကို ရောက်လာတာပေါ့”

သူ့အလုပ်ထဲမှာ စစ်မှုထမ်းဥပဒေကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ ပေးရတယ်ဆိုတဲ့သတင်း ကြားကြားချင်းမှာပဲ ပြည်ပကိုထွက်ဖို့ သူကြိုးစားခဲ့ပါတယ်။

“မလုံခြုံမှု၊ မရေရာမှုတွေနဲ့ ပြည့်နေတဲ့နိုင်ငံကို လက်ရှိ ပြန်ချင်စိတ် မရှိပါဘူး”

ဒါပေမဲ့ ထိုင်းနိုင်ငံမှာလည်း တရားဝင် နေထိုင်ခွင့်ရဖို့ ဗီဇာလုပ်ငန်းစဥ်က မလွယ်ကူပါဘူး။

မမီးမီး ရောက်လာချိန် သူအပ်ထားတဲ့ကျောင်းက ဗီဇာ ထုတ်မပေးတော့တဲ့အခါ ပြည်ပကိုထွက်ပြီး ထိုင်းကို ပြန်ဝင်ရတာမျိုး ကြုံခဲ့ရပြီး အချိန်၊ ငွေ၊ အားအင်တွေ ပိုကုန်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားကို လေ့လာနေသည့် မမီးမီးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားကို လေ့လာနေသည့် မမီးမီးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

အဲဒီနောက် ချင်းမိုင်မြို့မှာ တစ်နှစ်သက်တမ်းရှိတဲ့ ကျောင်းသားဗီဇာ သူ ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီဗီဇာနဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့်တော့ မရှိပါဘူး။ စားဝတ်နေရေးအတွက် အရဲစွန့်ပြီး လမ်းဘေးဈေးဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ မမီးမီး ရွေးချယ်လိုက်ရပါတော့တယ်။

“ရဲ လာပြီဆိုတာနဲ့ ဘာပဲလုပ်နေ လုပ်နေ ပြေးရတယ်ပေါ့။ အဓိကကတော့ ထိုင်နေရင်တောင်မှပဲ မျက်လုံးတွေရော နားတွေရော အကုန်လုံးစွင့်ပြီးတော့ နေနေရတယ်ပေါ့။ လုပ်နေတဲ့အလုပ်ကို အာရုံမစိုက်နိုင်ဘူး။ အဓိက ကိုယ်က အဖမ်းမခံရဖို့ အရေးက ပိုအရေးကြီးတာဆိုတော့ အဲဒါကိုပဲ အာရုံစိုက်ပြီးတော့ လူလာတာကိုပဲ ကြည့်ကြည့်နေရတယ်”

ဒီနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထိုင်းရဲချုပ်က နိုင်ငံခြားသားတွေကို စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူမဲ့ အရေးပေါ်အမိန့်ထုတ်ပြီးနောက် အဖမ်းအဆီးတွေ ကြမ်းလာတာနဲ့ တစ်ပြိုင်နက်တည်း မမီးမီးရဲ့စိုးရိမ်စိတ်လည်း ပိုမြင့်တက်လာပါတယ်။

အရင်က မမီးမီးဟာ ရန်ကုန်မှာ ပြည်ပ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှာ ကျောင်းသားတွေနဲ့ မိဘတွေကို အကြံဉာဏ်ပေးတဲ့ အလုပ်လုပ်ခဲ့သူပါ။

အခုတော့ ထိုင်းနိုင်ငံမှာ သူတတ်ခဲ့တဲ့ပညာနဲ့မဆိုင်တဲ့ လမ်းဘေးဈေးဆိုင်မှာ ဆိုင်သိမ်း၊ ဆိုင်ခင်းရတဲ့ဘဝကို ရောက်နေရသလို ထိုင်းလူမျိုးတချို့ရဲ့ ခွဲခြားဆက်ဆံမှုကလည်း သူ့ကို စိတ်ထိခိုက်စေခဲ့ပါတယ်။

“ထိုင်းတွေဆိုရင် ရုပ်ကိုကြည့်တာနဲ့ နင်က မြန်မာမလား။ အဲဒါဆိုရင် မဝယ်တော့ဘူးတို့ နင်တို့ မြန်မာတွေက ငါတို့ဆီမှာ အလုပ်လာလုပ်နေကြရတာ ဆိုပြီးတော့။ ကိုယ့်ဆီက ဘယ်လောက်ပဲ Quality ကောင်းကောင်း ပိုပြီးစုံလင်နေရင်တောင် မြန်မာတွေ ရောင်းတဲ့ဆိုင်ဆိုပြီး တမင်တကာကို ဟိုဘက်မှာ သွားဝယ်ကြတယ်”

နေ့လယ်ကနေ ညနက်တဲ့အထိ အလုပ်လုပ်ရပြီး မနက်မှာ ဟင်းချက်တာ၊ အဝတ်လျှော်တာတွေ လုပ်ရပါတယ်။ ကျောင်းတက်ရက်ဆို ကျောင်းသွားရတော့ အသစ်အသစ်တွေ လေ့လာသင်ယူဖို့ အချိန်မရှိသလို တစ်လမှာ နားရက်ဆိုတာကလည်း တစ်ရက်ပဲ ရတာပါ။


ဆက်နွှယ်သောသတင်းများ

“စစ်မှုထမ်းဥပဒေနဲ့ ဆိုးဝါးလာတဲ့ ပြည်သူတွေရဲ့ဒုက္ခ”

စစ်မှုထမ်းတပ်သားသစ်တွေ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံနေရ

နှစ်လအတွင်း စစ်မှုထမ်းတပ်သားသစ် ၁၂၀ ကျော် စစ်တပ်ကို စွန့်ခွာ


ရွေးချယ်စရာ မရှိတော့လို့ အိမ်ကနေ ထွက်လာရတယ်ဆိုပေမဲ့ အထီးကျန်မှုနဲ့ မိသားစုကို လွမ်းဆွတ်မှုတွေက သူ့စိတ်မှာ နေရာယူထားပါတယ်။

“အိမ်မှာကတည်းက ထမင်းစားရင် အမြဲတမ်း မိသားစုက အကုန်လုံးစုစားကြတာဆိုတော့ ရောက်လာတဲ့အခါမှာ တစ်ယောက်တည်း စားရတဲ့အခါကျတော့ အရသာလည်း မတူဘူးပေါ့ ခံစားမှုက”

အခုနှစ်ထဲမှာ သူ့ကျောင်းသားဗီဇာ ကုန်တော့မှာကြောင့် နောက်ထပ် နေထိုင်ခွင့်အတွက်ကိုလည်း စိုးရိမ်နေရပါတယ်။

ဒီလိုခက်ခဲမှုတွေ ရှိနေပေမဲ့ အိမ်ပြန်ချင်လား မေးရင် မပြန်ချင်ဘူးလို့ သူကပြန်ဖြေပါတယ်။ မလုံခြုံမှု၊ မရေရာမှုတွေနဲ့ ပြည့်နေတဲ့နိုင်ငံကို လက်ရှိ ပြန်ချင်စိတ် မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်းတဲ့ တစ်နေ့တော့ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း ပြန်နေဖို့က သူရဲ့ရည်ရွယ်ချက်ပါလို့ မမီးမီးက ပြောပါတယ်။

“ထမင်းစားတိုင်းတော့ သတိရတာပေါ့။ တူတူ ထမင်းတူတူ ဘယ်တော့ ပြန်စားရမှာလဲ ဆိုတာတော့ တွေးမိတာပေါ့”

မမီးမီးလို မိသားစုနဲ့ စုံစုံလင်လင် ထမင်းစားနိုင်မဲ့အချိန်ကို မျှော်လင့်ရင်း ပြည်ပနိုင်ငံတွေမှာ ကြိုးစားနေရတဲ့ မြန်မာလူငယ်တွေလည်း အများကြီး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။