မိုးဗြဲမြို့ မွေတော်ဘုရား ဘုန်းကြီးကျောင်းစောင့် ၁၀ ဦး အဖမ်းခံထားရ

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ အစောင့်အဖြစ် နေထိုင်နေတဲ့ အမျိုးသား ၁၀ ဦး ကို စစ်ကောင်စီ တပ်သားတွေက စက်တင်ဘာလ ၁၈ ရက်မနေ့ ည ၁၀ နာရီလောက်မှာ ဝင်ရောက် ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။
အဖမ်းခံထားရသူတွေဟာ မိုးဗြဲမြို့ ဈေးကုန်းရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး အသက် ၂၀ ကနေ ၄၀ ဝန်းကျင်ကြား အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညပိုင်း စစ်ကောင်စီတပ်သား အင်အားတစ်ရာဝန်းကျင် မွေတော်ဘုရားထဲကို ရောက်လာပြီး ဖမ်းဆီးထားတာလို့ အဖမ်းခံရသူတွေနဲ့ ဆွေမျိုးနီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဟိုနေ့က လက်နက်ကြီး ကျပြီးနောက်ပိုင်း ဘယ်သူမှ ဘုန်ကြီးကျောင်းမှာ မနေရဲတော့ ရပ်ကွက်က သူတွေက အစောင့်အဖြစ် သွားနေပေးကြတာ။ ညပိုင်းကြတော့ စစ်တပ်က ဝင်လာပြီး သူတို့လည်းအဲမှာနေတယ်။ အစောင့်အဖြစ်နေတဲ့ သူတွေကိုပါ ပြန်ထွက်ခွင့် မပေးတော့ဘူး။ တစ်ခါတည်းခေါ်ထားလိုက်တာ”
စစ်ကောင်စီတပ်ဟာ မနေ့ နေ့လယ်ပိုင်းက ဒီနေ့ မနက်ပိုင်းအထိ မြို့နေရာအတော် များများကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဒီနေ့နေ့လယ် စစ်ကောင်စီ တပ်သားတွေ မိုးဗြဲမြို့ထဲ ရောက်လာချိန်မှာမှ အနည်းငယ်ငြိမ်သွားတယ်လို့ ဒေသခံက ဆိုပါတယ်။
မိုးဗြဲမှာ ရပ်ကွက် ၁၄ ခုရှိတဲ့အနက် သစ်ရားကုန်းနဲ့ ကွက်သစ်ရပ်ကွက်ကလွဲပြီး ကျန်တဲ့ ရပ်ကွက်မှာရှိတဲ့ ဒေသခံ တစ်သောင်းနီးပါး လွိုင်ကော်၊ ဖယ်ခုံနဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်အချို့ကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံကပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီလောက်မှာလည်း မိုးဗြဲမြို့ အနောက်ဘက်အထွက် လွယ်ရင်းရပ်ကွက် အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မိုးဗြဲမြို့က စစ်ဘေးဒုက္ခသည် သုံးရာလောက် နေထိုင်နေတဲ့ မွေတော်ဘုရား ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျလို့ ကလေးငယ် နှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။