စစ်တပ်စခန်း ၉ဝ နီးပါး သိမ်းနိုင်ခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့ပြော

RFA Burmese
2023.11.01
စစ်တပ်စခန်း ၉ဝ နီးပါး သိမ်းနိုင်ခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့ပြော ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်သည့် စစ်ကောင်စီထံက သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းတချို့။
Photo : The Kokang

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁ဝ၂၇ ပူးပေါင်းစစ်ဆင်ရေး ခြောက်ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်စခန်း ၉ဝ နီးပါး သိမ်းယူနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။

"သိမ်းထားတဲ့စခန်းက သုံးဖွဲ့ပေါင်းရင် ၉၀ လောက်ရှိပြီဗျ၊ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တာက ချင်းရွှေဟော်ရယ်၊ မုံးကိုးဖောင်းဆိုင်ရယ်၊ သိန္နီမှာတော့ စစ်ကောင်စီတပ်တွေရှိနေဆဲမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ စကခ ၁၆ ရဲ့ ဌာနချုပ်ဆိုတော့ နည်းနည်းခက်ခဲတယ်"

နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ကွမ်းလုံမြို့နယ်၊ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၁၂၇ စခန်းကို စတင် ထိုးစစ်ဆင်ခဲ့သလို ကိုးကန့်ခရိုင် တုန်းရှမ်းဒေသ၊ စစ်ကောင်စီရဲ့ “မန်တုံပတပ်စခန်း” ကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ(၅) ဒေသ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားက စစ်ကောင်စီရဲ့ “ရင်ကွဲတောင်တပ်စခန်း” ကို သိမ်းယူနိုင်ခဲ့သလို မူဆယ်-နမ့်ခမ်းမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအခြေစိုက်ထားတဲ့ “မန်ခမ်းတပ်စခန်း” ကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင် စတဲ့ဒေသတွေနဲ့ KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီစခန်း ၉၀ နီးပါး သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်၊ စစ်ကောင်စီက အရပ်သားတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။