ကျောက်ပန်းတောင်းမှာ ခရီးသည်တင်ကားနှစ်စီးတိုက်မှု ၁၃ ဦးသေ၊ ၃၀ နီးပါး ဒဏ်ရာရ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ဇီးဖြူကုန်းရွာနဲ့ ပြည်သာရွာအနီးမှာ စက်တင်ဘာလ ၁၄ ရက် မနေ့ညက ခရီးသည်တင်ကားနှစ်စီး တိုက်မိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ပျက်နေတဲ့ကားတစ်စီး လမ်းဘေးမှာ အချက်ပြရပ်ထားတာကို ရှောင်ပြီး ကျော်တက် တဲ့အချိန် နှစ်စီးစလုံး ခေါင်းချင်းဆိုင် တိုက်မိတာလို့ ယာဉ်တိုက်မှုကို ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သန်မြန်သူက လွိုင်ကော်ကနေ ပြန်လာတာ။ ပုဂံမင်းသားကားက ပုဂံကနေ ရန်ကုန်ကို သွားတာ။ အဲဒီကား နှစ်စီး လမ်းမှာတိုက်ကြတာ။ နေရာမှာတင် ၁၁ ဦးသေတယ်။ ဆေးရုံ ရောက်တော့ နှစ်ဦး ထပ်သေတယ်။ သေတဲ့အထဲမှာ အမျိုးသားရော၊ အမျိုးသမီးရော ပါတယ်။ အဆိုးဆုံးပါပဲ ဒီလောက်ထိ သေတာများတာ မကြုံဖူးဘူး”
ယာဉ်နှစ်စီးစလုံးက ယာဉ်မောင်းတွေလည်း သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၂၇ ဦးလောက် ရှိတာကြောင့် ဆေးကုသမှုခံယူဖို့ လက်ရှိ ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံကို ပို့ဆောင် ထားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရထားသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေသေးတယ်လို့ လူမှုကူညီရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။