မြေမြှုပ်မိုင်းကြောင့် ငါးလအတွင်း အရပ်သား ၁၆၂ ဦး သေဆုံးကြောင်း UN OCHA ထုတ်ပြန်

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း မြေမြှုပ်မိုင်း၊ ဒါမှမဟုတ် စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးမှာ ထိခိုက်သေဆုံးသူ အရပ်သား ၁၆၂ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၁၀ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှု စုစုပေါင်း ၈၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံး၊ ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာကို ကိုးကားပြီး UN OCHA က ဒီနေ့သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။
ရခိုင်ပြည်နယ်ထဲက ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီအကြား တင်းမာမှုမြင့်တက် နေတာဟာ အထူးစိုးရိမ်စရာဖြစ်သလို မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲမှုအရေအတွက်လည်း မြင့်တက်နေလို့ စိုးရိမ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် UN OCHA နဲ့အတူ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ် ထဲက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ မူလနေထိုင်ရာ ဒေသတွေမှာ မိုင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှုတွေ တိုးချဲ့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
သွားလာကူညီခွင့် တင်းကျပ်ထားတဲ့ကြားကပဲ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် လူဦးရေသုံးသန်းကျော်အတွက် အရေးပေါ်နဲ့ လူမှုဘဝ ကယ်ဆယ်ရေးအကူအညီတွေ ပေးနိုင်ခဲ့တယ်လို့လည်း UN OCHA က ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီ တပ်သားတွေ စီးနင်းဝင်ရောက်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး ပိုမိုတင်းကျပ်တာ တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးထောင်ချတာတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ ဩဂုတ်လ ၁ ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တင်းမာမှုတွေ မြင့်တက်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၂ သန်းရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။