၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ငြိမ်းချမ်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေး
2024.08.23
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ဆင်ဖြည့်စွက်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်မှာ သြဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။
ဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ NSPNC ဘက်က ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တက်ရောက်ခဲ့သလို နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်က ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေး နှစ်ဖက်အဆိုပြုချက်တွေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။
ဆွေးနွေးပွဲဟာ ဒီနေ့ဆက်ရှိပြီး အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့လည်း ရှိတယ်လို့ ဆွေးနွေးပွဲအခြေအနေကိုသိတဲ့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ရွေးကောက်ပွဲဝင်မဲ့ ပါတီလေးဆယ်ကျော်ထဲက စုပေါင်းရွေးချယ်ထားတဲ့ အလုပ်အဖွဲ့ ၁၆ ပါတီ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် စုဖွဲ့ထားတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့က လေးပါတီ၊ စစ်ကောင်စီအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တို့ တွေ့ဆုံမယ်လို့ သြဂုတ်လ ပထမပတ်ထဲ နိုင်ငံရေးပါတီတွေဘက်က ပြောထားပါတယ်။
ဇွန်လတုန်းကလည်း စစ်ကောင်စီရဲ့ NSPNC နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ထဲက အလုပ်အဖွဲ့ပါတီတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကို ဆွေးနွေးကြပါသေးတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာဏာသိမ်းမှုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်ပယ်ပြီလို့ပြောပါတယ်။