ရွေးကောက်ပွဲမှာ Close Listed PR စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီ ကော်မရှင်ပြော
၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါတီ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကိုသာ မဲပေးရမဲ့ Close Listed PR စနစ်ကိုကျင့်သုံးသွားမယ်လို့ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးခင်မောင်ဦးက ဒီနေ့ နိုဝင်ဘာ ၁၈ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
"Close Listed PR မှာတော့ မဲဆန္ဒရှင်တွေဟာ ပါတီကိုဖြစ်စေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းကိုဖြစ်စေ တစ်ဦးတည်း၊ တစ်ခုတည်းကိုသာ မဲပေးရမှာ ဖြစ်ပါတယ်။ ဒီလို မဲပေးတဲ့အခါမှာ သူတို့ရတဲ့ မဲအပေါ်မူတည် ပြီးတော့မှ သက်ဆိုင်ရာပါတီရယ်၊ တစ်သီးပုဂ္ဂလရယ်က အချိုးအစားအတိုင်း ကိုယ်စားလှယ် နေရာများ ရရှိမှာဖြစ်ပါတယ်"
PR စနစ်အတွက် မဲဆန္ဒနယ်တွေကို သတ်မှတ်ရာမှာလည်း ၂၀၀၈ ခုနှစ်အခြေခံဥပဒေပါ ကိုယ်စားလှယ်လောင်း အရေအတွက်အတိုင်း မပြောင်းလဲဘဲ ရှိနေမယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့လည်း PR စနစ်နဲ့ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အကြောင်းကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲစာရင်းတွေကို နည်းပညာသုံးပြီး ဆောင်ရွက်နေသလို ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကိုတော့ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီကတော့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝလက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မပေးဖို့ အောက်တိုဘာလ ၁၁ ရက်နေ့က ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ အချိန်မတန် သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စမယ်လီဇာဘရောင်း (Melissa Brown) ကလည်း အောက်တိုဘာလ ၁၄ ရက်နေ့က ပြောထားပါတယ်။