၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခန့်မှန်း
2023.09.05

လာမယ့် ၂ဝ၂၅ ခုနှစ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၅ရက်နေ့မှာ AFP ကို ပြောလိုက်ပါတယ်။
ဒီပြောဆိုချက်ကို တခြားနိုင်ငံရေးပါတီတစ်ခုကလည်း အတည်ပြုတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စက်တင်ဘာ ၁ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်တွေ အစည်းအဝေးမှာ ပြောထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ မပြောထားပါဘူး။
ရွေးကောက်ပွဲမှာ အီလက်ထရွန်နစ် မဲပေးတဲ့စနစ်ကို သုံးဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီက စက်တင်ဘာ ၅ရက်နေ့မှာ နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ တွေ့ဆုံပြီး အဲဒီမဲပေးစက်အကြောင်း ရှင်းလင်းပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ပြီး ဒီအီလက်ထရွန်နစ် မဲပေးတဲ့စနစ်က မဲမသမာမှုတွေ မရှိနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။
စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံက ပြောဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ထားကြပါတယ်။