အရာတော်မြို့နယ် ရွာနှစ်ရွာက နေအိမ် နှစ်ရာကျော်မီးရှို့ခံရပြီး ဒေသခံ ခြောက်ဦးသေဆုံး
2023.05.27
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ရွာနှစ်ရွာကို မေလ ၂၄ ရက်နေ့ကစပြီး အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် နှစ်ရွာပေါင်း ခြောက်ဦးသေဆုံးပြီး နေအိမ် ၂၂၂ လုံး မီးရှို့ခံရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၄ ရက်နေ့က တောင်မွှာရွာကို အဲဒီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် အသက် ၈၀ ဝန်းကျင် ဦးရာညွှန့်နဲ့ ဦးလှဌေးတို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် ကိုမင်းမင်းလည်း ပစ်သတ်ခံရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ်တွေကိုပါ မီးရှို့ခဲ့တာကြောင့် စုစုပေါင်းနေအိမ် ၁၃၆ လုံးမီးလောင် ပျက်စီးခဲ့ပြီး အသက် ၈၀ ဝန်းကျင် ဒေါ်ခင်စိန်နဲ့ ဒေါ်အေးထုတ်တို့ နှစ်ဦးလည်း မပြေးလွှားနိုင်တာကြောင့် မီးထဲပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မေလ ၂၅ ရက်နေ့မှာ တောင်မွှာရွာကပြန်ထွက်ခွာပြီး မကျီးစောက်ရွာကိုပါ ထပ်မံဝင်ရောက် စီးနင်းခဲ့တာကြောင့် ထွက်ပြေးဖို့ကြိုးစားနေတဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်ချို ဦးခေါင်းနဲ့ရင်ဘက်ကို ကျည်ထိမှန်သေဆုံးခဲ့ပြီး ရွာထဲကနေအိမ် ၈၆ လုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်မွှာရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီတပ်ကို သတင်းပေးသူရှိတာကြောင့် အခုလို စစ်ကြောင်းထိုးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က သတင်းပေးရှိလို့ပါ။ ဒီနားမှာလည်း သင်တန်းတွေရှိတဲ့အခါကျတော့ သတင်းပေးရှိလို့ပေါ့။ သင်တန်းလည်း ပျက်သွားတာပေါ့”
အဲဒီစစ်ကြောင်းဟာ မေလ ၂၅ ရက်နေ့မှာ မကျီးစောက်ရွာက နေအိမ်တွေကို မီးရှို့ပြီးနောက် အရာတော်မြို့ပေါ်ကို ပြန်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ တောင်မွှာရွာက ဒေသခံ နှစ်ထောင်ခန့်ကတော့ မေလ ၂၇ ရက်ဒီနေ့အထိ ရွာထဲပြန်မဝင်ရဲတာကြောင့် တောထဲမှာပဲနေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေငါးရာဝန်းကျင်ရှိတဲ့ မကျီးစောက်ရွာက ဒေသခံအချို့ကတော့ ဒီနေ့မနက် ရွာထဲပြန်ဝင်နေကြပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA ကမေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။