KNU ထိန်းချုပ်နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၂၅၉ ကြိမ် ဖြစ်ပွား

2022.08.09
Share on WhatsApp
Share on WhatsApp
KNU ထိန်းချုပ်နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၂၅၉ ကြိမ် ဖြစ်ပွား ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အဖွဲ့ဝင်တစ်ဦးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: KIC

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်တို့အကြား တိုက်ပွဲပေါင်း ၂၅၉ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ BGF ဘက်က ၃၈၆ ဦးသေဆုံးပြီး ၂၈၀ ဦး ဒဏ်ရာရခဲ့သလို KNLA နဲ့ KNDO ဘက်ကတော့ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ကထုတ်ပြန်တဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေဘက် သေဆုံးထိခိုက်တဲ့ စာရင်းကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

KNDO အထူးကွန်မန်ဒိုအဖွဲ့ အရာရှိ ဗိုလ်စလုံးကတော့ စစ်ကောင်စီဘက်က ထိုးစစ်တွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ရှိနေဦးမယ်လို့ ပြောပါတယ်။

"အခုကတော့ တိုက်ပွဲတွေက ပြင်းလာမှာပဲ။ အခုက စစ်ကောင်စီက ရှေ့မတိုးရဲဘူး။ တိုးတာနဲ့ သူတို့ အထိအခိုက်များတာပဲ။ ထိုးစစ် လုပ်နေတာတွေကတော့ ရှိနေတုန်းပဲ။ လူအင်အားတင်မကဘူး လက်နက်ကြီးတွေ၊ လေယာဉ်တွေပါ အသုံးပြုကြတယ်။ သူတို့ဘက်ကလည်း မလျှော့ဘူး။ ကျနော်တို့ကလည်း ပြည်သူ့ဘက်ကိုရပ်ပြီး ဆက်သွားရမှာပဲ"

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၄၄ လုံးနဲ့ ဘာသာရေးအဆောက်အအုံ တစ်ခု ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဒေသခံ ၄၉ ဦး အဖမ်းခံခဲ့ရပြီး ဒူးသထူခရိုင် တပ်မဟာ (၁) နယ်မြေထဲက ဒေသခံ ၉၄,၇၆၈ ဦးနဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေထဲက ဒေသခံ ၆၁,၈၉၈ ဦး လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ KNU ရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်းတွေဟာ မှန်ကန်မှု မရှိသလို စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာလည်း မရှိဘူးလို့ RFA ကို ယခင်က တုံ့ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အခုလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃၄၆,၀၀၀ ဦးရှိခဲ့ပြီး အာဏာသိမ်းပြီး နောက် ၈၆၆,၀၀၀ ဦး ထပ်တိုးထားတာကြောင့် အခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ အထိ စုစုပေါင်း ၁ ဒသမ ၂ သန်းကျော် ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။