စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်ခိုင်မာရေးကို ထိခိုက်နိုင်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ပြော

RFA Burmese
2024.03.06
စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်ခိုင်မာရေးကို ထိခိုက်နိုင်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ပြော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA )နှင့် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Arakan Army

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေတဲ့ မြို့သုံးမြို့ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ သဘောတူထားပြီးသားဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို အခက်အခဲဖြစ်စေတယ်လို့ မတ်လ ၆ ရက်နေ့မှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့၊ အပစ်ရပ်မှုခိုင်မာရေးတို့အပါအဝင် ဟိုင်ဂင်သဘောတူညီချက်စာချုပ်မှာပါတဲ့ အချက်အလက်တွေကို တစ်ဆင့်ချင်းအကောင်အထည်ဖော်နေချိန် အခုလို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့လုပ်ရပ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ဖို့အတွက် ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီသဘောတူညီချက်တွေ ပိုမိုခိုင်မာရေးအတွက် ဖေဖော်ဝါရီလ ၂၉ ရက်နဲ့ မတ်လ ၁ ရက်နေ့တွေမှာ စတုတ္ထအကြိမ်ဆွေးနွေးပြီးနောက် သုံးရက်အကြာ မတ်လ ၄ ရက်နေ့မှာပဲ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာပါ။

အခြေအနေတွေ တည်ငြိမ်စရှိလာချိန်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့် တိုက်ပွဲတွေပြန်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ နမ္မတူဒေသခံတွေက RFA ကို ပြောထားပါတယ်။

ဟိုင်ဂင်သဘောတူညီချက်ထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး၊ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူတွေ စစ်ဘေးဒဏ်က ပြန်လည်ထူထောင်နိုင်ရေး ဆက်လက်ဆွေးနွေးပြီး ခိုင်မာတဲ့ အပစ်ရပ်လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နိုင်ဖို့ ကတိပြုထားတယ်လို့ မြောက်မိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တိုက်ပွဲတွေအရှိန်မြင့်နေချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊ ကိုးကန့်ဒေသက ချင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့ ရှစ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်ထဲက မိုးမိတ်နဲ့ မဘိမ်းမြို့တွေကိုလည်း ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်ပေါင်း ၁၃ ခုအထိ ရှိနေပါပြီ။

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ လက်ရှိအချိန်ထိ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်ပေါင်း ခြောက်ဆယ်ကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။