တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ
2023.02.02
စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက် ဒီနေ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးက အမှုစစ်ဆေးနိုင်သလို အဲ့ဒီစစ်ခုံရုံးကနေ နိုင်ငံတော်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေပါ ပြစ်မှုတွေ၊ တပ်မတော်နဲ့စစ်ကောင်စီခန့် အစိုးရဝန်ထမ်းတွေကို နှောက်ယှက်ဟန့်တားမှု၊ ပြစ်မှုကျူးလွန်အောင် သွေးထိုးလှုံဆော်မှု၊ အဂတိလိုက်စားမှု၊ လက်နက်အက်ဥပဒေပါပုဒ်မတွေ သတင်းမီဒီယာဥပဒေပါပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ တိုင်းမှူး ကိုယ်တိုင်သော်လည်းကောင်း စစ်နယ်မြေမှူးတွေကို တာဝန်လွှဲအပ်ပြီးလည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့ မြို့နယ် ၁၁ မြို့နယ်ကတော့ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ ဖြစ်ပါတယ်။
ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါး စုစုပေါင်း ၇ မြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင် စတဲ့ ငါးမြို့နယ်၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့ငါးမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။
ဒ့ါပြင် ကယားပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်လခဲမြို့နယ်၊ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ တနင်္သာရီတိုင်းက တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၀၀ ရာခိုင်နှုန်းတည်ငြိမ်အေးချမ်းတဲ့မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့်မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောခဲ့ပါတယ်။