အာဏာသိမ်းကာလ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍက လူ ၃၈၀ ကျော် သေဆုံးကြောင်း NUG ပြော

RFA Burmese
2025.02.04
အာဏာသိမ်းကာလ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍက လူ ၃၈၀ ကျော် သေဆုံးကြောင်း NUG ပြော ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍက လူပေါင်း ၃၈၃ ဦးထက်မနည်း သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (Press Briefing) မှာ ပြောပါတယ်။

အာဏာသိမ်းလေးနှစ်အတွင်း စစ်ကောင်စီက ပညာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း ၂၅၀ ကျော် သေဆုံးပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၈၈ ဦး ပါဝင်တယ်လို့ဆိုပါတယ်။

ကျန်းမာရေးကဏ္ဍမှာလည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေရသူ ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးပြီး ဒဏ်ရာရသူက ၁၃၅ ဦး ရှိခဲ့ပါတယ်။

အဘက်ဘက်က ရှုံးနှိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

“နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနဲ့ လူထုဆက်ဆံရေးစတဲ့ ကဏ္ဍစုံမှာ အရှုံးနဲ့ ကြုံတွေ့နေရတဲ့ စစ်အုပ်စုဟာ လူထုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ထပ်တိုးကျူးလွန်လာတာကို တွေ့ရှိရပါတယ်”

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၄၅ ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်း ၃၄၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ဆေးရုံနဲ့ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုတွေ ရှိခဲ့တာကိုလည်း ဦးကျော်ဇော်က ထည့်သွင်းပြောဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အာဏာသိမ်းကာအတွင်း စာရင်းတွေအရ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၂၄၄ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။