မြိုင်မြို့နယ်မှာ တစ်ဦး အသတ်ခံရပြီး နေအိမ် ၄၀ ခန့် မီးရှို့ခံရ

RFA Burmese
2023.08.22
မြိုင်မြို့နယ်မှာ တစ်ဦး အသတ်ခံရပြီး နေအိမ် ၄၀ ခန့် မီးရှို့ခံရ မြိုင်မြို့နယ် ထန်းဘုန်းတောရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ တွေ့ရစဉ်။
Myaing Villages Revolution Front

ဩဂုတ်လ ၂၀ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ် ရွှေလင်းဆွဲရွာကနေ လူ ၁၀၀ ခန့် အဖမ်းခံခဲ့ရပြီး နောက်တစ်ရက်မှာ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၅၀ အရွယ် ဦးဌေးဝင်းဆိုသူ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၂၀ ရက် မနက် ၅ နာရီခန့်မှာ ရွှေလင်းဆွဲရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ရွာသား ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ အမျိုးသား အယောက် ၄၀ နဲ့ အမျိုးသမီး ၆၀ ခန့် ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်တစ်ရက် ဩဂုတ်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၃၀ ကနေ ၅၀ ကြားအရွယ် အမျိုးသားလေးဦးကို ဆက်လက်ချုပ်နှောင်ပြီး နှိပ်စက်စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို နှိပ်စက်ခံရသူ လေးဦးထဲက အသက် ၅၀ အရွယ် ဦးဌေးဝင်း အဖမ်းခံရတဲ့ ဩဂုတ် ၂၀ ရက်ညမှာပဲ သေဆုံးသွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေလင်းဆွဲ ရွာသားတစ်ဦးက ပြောပါတယ်။

“အဖမ်းခံထားရတာက ကိုဌေးဝင်း အပါအဝင် လေးယောက်၊ ကိုဌေးဝင်းက အသတ်ခံလိုက်ရပြီ၊ တစ်ယောက်က ထွက်ပြေးလာလို့ လွတ်လာပြီ။ နှစ်ယောက်က ကျန်ခဲ့တယ်။ လွတ်လာတဲ့တစ်ယောက်က စစ်သားတွေက နွားလှည်းကို သူ့ကို မောင်းခိုင်းရင်းနဲ့ နွားလွတ်သွားတော့ လိုက်ဖမ်းသလိုလိုလုပ်ပြီး ထွက်ပြေးလာတာ”

ထွက်ပြေးလွတ်မြောက်လာသူဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အခုချိန်ထိ စစ်သားတွေလက်ထဲမှာ အဖမ်းခံထားရသူ နှစ်ဦးရဲ့ နာမည်နဲ့ အသက်အရွယ်တွေကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ရွှေလင်းဆွဲရွာကို စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ဖမ်းဆီးခဲ့တဲ့အပြင် ရွာထဲက ဆန်၊ ဆီ၊ ပဲ အပါအဝင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း အဓမ္မ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ အဲဒီစစ်ကြောင်းဟာ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှာ ရွှေလင်းဆွဲရွာကနေ လက်ထုတ်တောရွာကို ဆက်လက်ဝင်ရောက်ခဲ့ပြီး စားနပ်ရိက္ခာတွေကို ကား သုံးစီးနဲ့ သယ်ဆောင်သွားတဲ့အပြင် နေအိမ် နှစ်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့လယ်ကျတော့ လက်ထုတ်တောကို ရွှေ့လာတယ်။ ရွှေ့လာပြီး ရွာထဲမှာ ကားသုံးစီးနဲ့ ရွာထဲကရော ဘုန်းကြီးကျောင်းက ပစ္စည်းကအစ အကုန် လိုက်သိမ်းတာ။ ရွာထဲမှာ လူလည်း တစ်ယောက်မှ မကျန်တော့ဘူး။ သူတို့ကိုလည်း ခုခံမယ့်သူလည်း မရှိဘဲနဲ့ သက်သက်မဲ့ရွာကို မီးရှို့သွားတာလေ”

နောက်ထပ် ဒေသခံတစ်ဦးကတော့ မြိုင်မြို့နယ်ရှိ ရွှေလင်းဆွဲ၊ လက်ထုတ်တော၊ ထန်းဘုန်းတော စတဲ့ ကျေးရွာက လူနေအိမ် အလုံး ၄၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

ရွှေလင်းဆွဲရွာမှာ အိမ်ခြေ ၃၅၀ လူဦးရေ ၁၅၀၀ နီးပါး၊ လက်ထုတ်တောရွာမှာ အိမ်ခြေ ၅၀ ဝန်းကျင်နဲ့ ပြည်သူ ၁၅၀ ကျော်ရှိပါတယ်။ စစ်တပ်ရဲ့ ဝင်ရောက်စီနင်းမှုကြောင့် အဲဒီ ရွာနှစ်ရွာက လူဦးရေ ၁၇၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF) ရဲ့ ခေါင်းဆောင် ဦးအောင်ဇေယျ ကတော့ ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ရွှေလင်းဆွဲရွာကနေအနီးရှိ ကန်နီရွာကို ရိက္ခာပို့ဆောင်စဉ် သူတို့တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်တပ်ကအနီးရှိ ရွာတွေကို ဝင်ရောက်စီးနင်း၊ လူတွေကို ဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးသန်းဆွေဝင်းကို RFA က ဒီနေ့ဖုန်းဆက်မေးမြန်းတဲ့အခါ ကျန်းမာရေးမကောင်းလို့ ခွင့်ယူထားတာကြောင့် အဲဒီအခြေအနေတွေကို သူမသိဘူးလို့ ငြင်းဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းမှာ နေအိမ်တစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။