Mytel တာဝါတိုင် ၄၀ ဝန်းကျင် တစ်ပတ်အတွင်း ဖျက်ဆီးခံရ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.09.10
Mytel တာဝါတိုင် ၄၀ ဝန်းကျင် တစ်ပတ်အတွင်း ဖျက်ဆီးခံရ ဘုတလင်မြို့နယ်က Mytel တာဝါတိုင်ကို ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က ဖောက်ခွဲဖျက်စီးခဲ့စဥ်
Photo: HTY Information

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ တော်လှန်တိုက်ခိုက်ရာကနေ စစ်ကောင်စီ တပ်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံနေရ တာတွေလည်း အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်တွေ့လာရပါတယ်။

RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့အထိအချိန် တစ်ပတ်တာကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းသုံးခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်တွေမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၂ ခုအထိရှိနေပါတယ်။

အဲဒီအထဲမှာ Mytel ဆက်သွယ်ရေးသီးသန့် တာဝါတိုင် ၃၅ ခု၊ Mytel နဲ့ အခြားအော်ပရေတာတွေ စုပေါင်း တပ်ဆင်ထားတဲ့ တာဝါတိုင် နှစ်ခု၊ အော်ရီဒူး၊ တယ်လီနော စတဲ့ အခြားဆက်သွယ်ရေး တာဝါတိုင် ငါးခု ဖြစ်ပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းထဲမှာ တာဝါတိုင် ၃၁ ခုအထိ အများဆုံးဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်တွေက ဖျက်ဆီးခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ပိုင်ဆက်သွယ်ရေးလုပ်ငန်းကနေရရှိတဲ့ ဝင်ငွေတွေဟာ ပြည်သူတွေအတွက် ကျည်ဆန်ဖိုးမဖြစ်စေချင် တာကြောင့် အခုလိုဖောက်ခွဲဖျက်ဆီးတာလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗိုလ်နဂါးက ပြော ပါတယ်။

“ဒါက မင်းအောင်လှိုင်မိသားစုရဲ့ စီးပွားရေးဆိုတဲ့ အဓိကအချက်ကြောင့်ပါ၊ သူတို့ အော်ပရေတာဖြစ်နေ တာကို၊ သူတို့ခံယူတာကလည်း ဖုန်းဘေဖြည့်တယ်။ တခြားအော်ပရေတာတွေလည်းရှိတယ်။ သူတို့ မိသားစု စီးပွားရေး အော်ပရေတာက သူတို့စီးပွားရေးပဲ၊ အဆိပ်ပင်ကိုရေလောင်းနေတာ အဲ့ဒီအဆိပ်ပင်က အသီးက ၊ ဆူးက လူထုပဲဆူးမယ်။လူထုပဲ ဒုက္ခရောက်မယ်။ အဲဒီအတွေးတွေနဲ့ ဖျက်ဆီးလိုက်တာ၊ ကျည်ဆန်ဖိုး မဖြစ်ချင်ဘူး။"

Mytel ကုမ္ပဏီဟာ ဗီယက်နမ်စစ်တပ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဗီယက်တယ်လ်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းက ၂၈ ရာခိုင်နှုန်းနဲ့ Myanmar National Telecom Holding Public ကုမ္ပဏီလီမိတက်က ၂၃ ရာခိုင်နှုန်း ပူးပေါင်းတည်ထောင်ထားတာ ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က စစ်ကောင်စီကိုတော်လှန်ဖို့ စတင်ကြေညာလိုက်တဲ့ စက်တင်ဘာလ ၇ ရက်နေ့ကစတင်ပြီး စစ်တပ်ရဲ့ Mytel ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖျက်ဆီးမှုတွေ ကျယ်ကျယ်ပြန်ပြန့် ဖြစ်လာတာလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းမှာ Mytel တာဝါ တိုင် ၁၁ ခု ဖျက်ဆီးခံခဲ့ရပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့နေ့က ဘုတလင်မြို့ကနေ အရာတော်မြို့ကို ဆက်သွယ်ထားတဲ့ ဘုန်းကြီးလမ်းခွဲအနီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖုန်းလိုင်းဆက်သွယ်ရေး အခြေအနေကတော့ အော်ရီဒူးလိုင်းက ပျောက်လိုက်ပေါ်လိုက်၊ အမ်ပီတီက တော့ ကောင်းတယ်။ မနေ့ကတော့ ဘုန်းကြီးလမ်းခွဲကတိုင်မှာ စစ်သားတွေရောက်လာပြီး ရှစ်ချက် လောက် ရမ်းပြီးပစ်သွားတယ်။ ခွဲသွားတဲ့သူတွေကို ကြောက်အောင်၊ လန့်အောင် ရမ်းသမ်းပစ်တာ။ အုတ်ဖိုရွာ၊ ဘုန်းကြီးလမ်းခွဲနားတို့က တာဝါတိုင်တွေကွဲတယ်။ တစ်ရက်ထဲ ၁၁ ခုလောက်ကွဲတယ်။ အခုနောက်ရက်တော့ မသိသေးဘူး"

တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ဒေသတချို့မှာ Mytel ဖုန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီး အခြားဆက်သွယ်ရေးလိုင်းတွေမှာလည်း ခေါ်ဆိုရခက်ခဲတာတွေရှိပေမဲ့ အင်တာနက်လိုင်းဆက်သွယ်မှုတော့ ရနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒါက မင်းအောင်လှိုင်မိသားစုရဲ့ စီးပွားရေးဆိုတဲ့ အဓိကအချက်ကြောင့်ပါ၊ သူတို့ အော်ပရေတာဖြစ်နေတာကိုး"

စစ်ကောင်စီတပ်ရဲ့ Mytel ဆက်သွယ်ရေးတာဝါတိုင်တွေ ပစ်မှတ်ထားဖျက်ဆီးခံနေရတာဖြစ်ပေမယ့် အချို့တာဝါတိုင်တွေမှာ Mytel အပြင် အခြားဆက်သွယ်ရေးအော်ပရေတာတွေပါ ပူးပေါင်းတပ်ဆင်ထားကြ တာဖြစ်လို့ ဆက်သွယ်ရေးပြတ်တောက်မှု ရှိလာနိုင်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ပုဂ္ဂလိက ဆက်သွယ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦး ကလည်း အခြားဆက်သွယ်ရေးလိုင်းတွေပါ ပျက်သွားရင် ဒေသအတွက် နစ်နာနိုင်တယ်လို့ ပြောပါတယ်။

"ပထမရောက်ထားတဲ့ အော်ပရေတာတွေရဲ့ မီးစက်ကို မျှသုံးတာတွေရှိတယ်။ လက်ရှိဖောက်ခွဲတာတွေက အဲဒီလိုတိုင်တွေနဲ့ ကြုံလိုက်ရင် ပွဲကပျက်မှာ၊ Mytel တင်မဟုတ်ဘူး၊ အကုန်ပျက်မှာ၊ တာဝါတိုင်တွေပဲ မြင်နေရပေမဲ့ ဘေးမှာရှိတဲ့ တာဝါတိုင် ၁၄ တိုင်၊ ၁၅ တိုင်လောက်ကို ထိန်းထားတဲ့တိုင် ဟုတ် မဟုတ် ဆိုတာကို ကျွန်တော်တို့တောင် မခွဲတတ်ဘူး၊ ဖျက်ဆီးဖောက်ခွဲခံလိုက်ရတဲ့ တိုင်တွေက သေချာတာက အဲဒီနေရာတွေကို ဘယ်အင်ဂျင်နီယာမှ၊ ကုမ္ပဏီဝန်ထမ်းတွေမှ မသွားချင်ဘူး။ အဲဒီအတွက်က ပိုပြီးတော့ ကြာသွားမယ်။ အသက်အန္တရာယ်နဲ့ကြုံရမှာ။ Mytel က အစပထမ သီးသန့်ထောင်တာများတယ်။ ဘုန်းကြီးကျောင်းတို့ တပ်တွေထဲတို့ ထောင်တာများတယ်"

စစ်ကောင်စီတပ်နဲ့ဆက်နွယ်ပြီး ဆက်သွယ်ရေးတာဝါတိုင်တွေ ပစ်မှတ်ထားဖျက်ဆီးခံလာရတာကြောင့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် အလားအလာ မကောင်းနိုင် ဘူးလို့လည်း လေ့လာသူတွေက ပြောပါတယ်။

မန္တလေးမြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ စစ်တပ် ပိုင်လုပ်ငန်းကို ပစ်မှတ်ထားဖျက်ဆီးတာဖြစ်ပေမယ့် တစ်ဘက်မှာ စစ်တပ်နဲ့ ရဲတို့ရဲ့ ဆက်သွယ်ရေးကွန်ရက် ကတော့ ပျက်စီးမှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“ Mytel ရဲ့ တာဝါတိုင်တွေ ဖျက်တယ်ဆိုတာက တစ်ခုကတော့ ဆက်သွယ်ရေးဖြတ်တောက်ချင်တာ၊ ဒုတိယတစ်ခုကတော့ Boycott လုပ်တာကနေ နောက်တဆင့်ထပ်ပြီးတော့ တပ်ကနေပိုင်တာ၊ ပထမ တုန်းကတော့ တပ်ကပိုင်တဲ့ပစ္စည်းတွေကို ဆန့်ကျင်တယ်။ အဲဒီကနေတစ်ဆင့်ထပ်ပြီးတော့ ဖျက်ဆီးတဲ့ အဆင့်ကိုသွားတာ၊ ဖက်စပ်လုပ်ထားတဲ့ကုမ္ပဏီက ဗီယက်နမ်နဲ့ ဖက်စပ်လုပ်ထားတာ၊ ဘယ်နိုင်ငံနဲ့ပဲ ဖက်စပ်လုပ်လုပ် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့ လုပ်ထားတာဖြစ်လို့ ရင်းနှီးမြုပ်နှံတာတွေနဲ့ ပတ်သက်လို့ အလားလာမကောင်းဘူး၊ နည်းပညာပိုင်းဆိုင်ရာအနေနဲ့ကျတော့ တပ်တို့ ရဲတို့ရဲ့ ဆက်သွယ်ရေးကွန်ယက် ပျက်စီးသွားဖို့အကြောင်းနည်းတယ်"

mytel-butalin.jpg
(ဘုတလင်မြို့နယ်က ပျက်စီးနေတဲ့ Mytel တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က တွေ့ရစဥ်)Photo: YTH Information

ဒီမိုကရေစီဖွံဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်မှုကော်မတီ (ACDD) စည်းရုံးလှုံဆော်ရေးမှူး မသဉ္ဇာရွန်းလဲ့ရည် ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ပျောက်ကွယ်သွားတဲ့ လွတ်လပ်မှုတွေ ပြန်ရဖို့ စစ်ကောင်စီကို ရတဲ့နည်းလမ်းနဲ့ တော်လှန်နေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး လူထုခေါင်းဆောင်တွေ၊ အနိုင်ရတဲ့ အာဏာရပါတီကို ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်မှုတွေစသဖြင့် ဖြစ်ပွားမှုစတင်တဲ့နေ့ကစပြီး လူထုရဲ့ လွတ်လပ်စွာ သတင်းအချက်လက်ရယူပိုင်ခွင့်၊ သတင်းစီးဆင်းမှုတွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ အားလုံးဟာ ပျက်သုဥ်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ Mytel မကလို့ တယ်လီနော ဘယ်လိုနိုင်ငံတကာ ဘယ်အဆောက်အအုံကပဲ ပြည်တွင်းထဲကိုလာလာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြိုးပမ်းမှုဖြစ်စဉ် ဆက် ရှိနေသရွေ့ ပြည်သူတွေရဲ့လုံခြုံမှုနဲ့ လွတ်လပ်မှု လုံးဝမရှိတော့ဘူး၊ ဒါကြောင့်မို့ ပြည်သူတွေက သတင်း အချက်အလက် စီးဆင်းမှုတွေနဲ့ လွတ်လပ်မှုတွေပြန်လည်ရရှိအောင် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဖြစ်စဉ် တွေကို ရတဲ့နည်းလမ်းနဲ့ တော်လှန်ပုန်ကန်နေဖို့ လိုပါတယ်"

စစ်ကောင်စီကတော့ ပြည်သူလူထုတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးမှာ တစ်စိတ်တပိုင်းအထောက်အကူ ပြုတဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို ဖောက်ခွဲဖျက်ဆီးတာတွေ တွေ့လာရတဲ့အတွက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က စစ်တပ်ပိုင် မြဝတီသတင်းစာမှာ ရေးသားထားပါတယ်။

Mytel ဆက်သွယ်ရေးတာဝါတိုင်တွေ ပစ်မှတ်ထားဖျက်ဆီးခံလာရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရန်ကုန်မြို့ တိရိစ္ဆာန်ဥယျာဉ်လမ်းမှာရှိတဲ့ Mytel ဆက်သွယ်ရေးရုံးချုပ်ကို RFA က ဒီနေ့ညနေက ဖုန်းဆက် သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူမရှိပါဘူး။

မြန်မာစစ်တပ်ပါဝင်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး မြန်မာနိုင်ငံဈေးကွက်ကို စတုတ္တမြောက် အော်ပရေတာအနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး၊ Mytel နဲ့ MEC စတဲ့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း ငါးမျိုးရှိတာပါ။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစတင်ပြီး မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မြန်မာဘီယာ မသောက်ကြဖို့၊ စစ်တပ်အသိုင်းဝိုင်းနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းတွေမသုံးဖို့ မြန်မာပြည်သူတွေ ဟာ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် လှုံ့ဆော်စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။