ပအိုဝ်းဒေသမှာ နှစ်လနီးပါးအတွင်း အရပ်သား ၄၉ ဦး သေဆုံးပြီး တစ်သိန်းခန့်ထွက်ပြေးနေရ
2024.03.11
Updated 11:49 PM Mar 12, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ လွိုင်လင်မြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တိုက်ပွဲအတွင်း အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး ခြောက်ဆယ် ဒဏ်ရာရခဲ့တယ်လို့ ပအိုးဝ်လူငယ်အစည်းအရုံး (PYO) က ပြောပါတယ်။
သေဆုံးသူအများစုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဖြစ်တယ်လို့ ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ပြောခွင့်ရသူ နန်းက RFA ကို ပြောပါတယ်။
"ဆီဆိုင်မြို့တိုက်ပွဲမှာဆိုရင် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းကနေ ဗုံးကြဲမှုတွေက ပိုများလာတယ်။ ဟိုပုံး မဲနယ်တောင်ကြောဘက်မှာဆိုရင် အခုလ ၈ ရက်နေ့က တိုက်ပွဲငြိမ်လို့ ဒေသခံတွေ ပြန်လာတဲ့အချိန် လေကြောင်းကနေပစ်လို့ ကျောက္ကဆျားရွာက အမျိုးသားတစ်ဦး ပွဲချင်းပြီး သေသွားတာရှိတယ်။ အိမ်လည်း ဆယ်လုံးလောက် ပျက်စီးသွားတယ်။ အဲရွာမှာဆိုရင် တိုက်ပွဲဖြစ်တာ မရှိဘူးပေါ့နော်။ တချို့မြေပြင်မှာ တိုက်ပွဲမရှိဘဲ အဲလိုတွေလာပစ်လို့ သေဆုံးတာတွေက ဆက်ရှိနေတာပေါ့"
PYO ရဲ့ မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ တိုက်ပွဲကာလအတွင်း သေဆုံသူ ၄၉ ဦးထဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်ငါးဦး အပါအဝင် ၂၈ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးရင်း သေဆုံးရသူ ၁၃ ဦးရှိခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးသူ အပါအဝင် အခြားအကြောင်းအရာတွေကြောင့် သေဆုံးရသူ ရှစ်ဦး ရှိခဲ့ပါတယ်။
ဒဏ်ရာရသူ ခြောက်ဆယ်ထဲမှာ ကလေးငယ်လေးဦး ပါဝင်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူက ၃၆ ဦး ရှိတယ်လို့ PYO က ဖော်ပြထားပါတယ်။
လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရသူ ၁၈ ဦးနဲ့ မြေမြှုပ်မိုင်းနဲ့ အခြားအကြောင်းအရာတွေကြောင့် ဒဏ်ရာရသူ ခြောက်ဦးရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ၁၅၀၆ ကြိမ်၊ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ၄၀၈ ကြိမ်နဲ့အထက်ပြုလုပ်ခဲ့တယ်လို့လည်း PYO က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၁၅ လုံးအပါအဝင် နေအိမ် နှစ်ရာနီးပါး ပျက်စီးခဲ့တယ်လို့လည်း PYO က ဆိုပါတယ်။
PYO ရဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကတည်းက ဆီဆိုင်မြို့နယ်ကို PNLA တပ်ဖွဲ့က သိမ်းပိုက်ထားတာပါ။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) ပူးပေါင်းအဖွဲ့တွေ ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပါတယ်။
ဆီဆိုင်မြို့ပေါ်မှာ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ PNLA တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲက ဖြစ်နေတုန်းပဲဗျ။ ဆိုက်ခေါင်ရွာကနေရော ဘန်းယဉ်မြို့ကနေပါ ဆီဆိုင်မြို့ဘက်ကို လက်နက်ကြီးက ဆက်တိုက်ပစ်ကူနေတာ။ ဒီလ ၃ ရက်နေ့က စစ်ကောင်စီတပ်က ဆီဆိုင်ကိုပြန်ဝင်လာတော့ အဲဒီကတည်းက ပြန်ဖြစ်နေတာ။ မရပ်သေးဘူး"
တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ် ခြောက်ရပ်ကွက်နဲ့ ကျေးရွာပေါင်း ခြောက်ဆယ်နီးပါး၊ ဟိုပုံးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၁ ရွာက လူဦးရေ တစ်သိန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
(မှတ်ချက် - သုံးလနီးပါးအတွင်း အစား နှစ်လနီးပါးအတွင်းဟု ပြောင်းလဲပြင်ဆင်ထားပါသည်။)