ပေါက်မြို့နယ် ရေပြာရဲစခန်းက PDF ငါးဦး ထွက်ပြေးလွတ်မြောက်

RFA Burmese
2024.11.28
ပေါက်မြို့နယ် ရေပြာရဲစခန်းက PDF ငါးဦး ထွက်ပြေးလွတ်မြောက် မကွေးတိုင်း၊ ပေါက်မြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Facebook/ Pauk Newsletter page

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရသူတွေထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။

အသက် ၂၀ ကနေ ၃၀ အရွယ်ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။

ရေပြာရဲစခန်းက လုံခြုံရေးအင်အားနည်းတဲ့ ညပိုင်းမှာ အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးနိုင်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ထွက်ပြေးခဲ့သူတွေထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကတော့ ပခုက္ကူခရိုင်တပ်ရင်းကပါ။ ကျန်တဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက ရပ်ကျေးကာကွယ်ရေးဘက်ကလို့ သိထားတယ်။ သူတို့အားလုံး လုံခြုံတဲ့နေရာ ရောက်နေပါပြီ"

ဖမ်းဆီးထားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်နဲ့ ရှာဖွေနေသလို လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ရေပြာရဲစခန်းဟာ ပေါက်မြို့နယ်အရှေ့ဘက်က ပုသိမ်-မုံရွာလမ်းပေါ်မှာ ရှိပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေ ပူးတွဲစခန်းချထားတဲ့စခန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီးနောက် ဖမ်းဆီးခဲ့သူတွေကို အဲဒီရဲစခန်းမှာ ချုပ်နှောင်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။