မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ အမေရိကန် ထောက်ပံ့မည်

RFA Burmese
2023.02.16
မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ အမေရိကန် ထောက်ပံ့မည် စစ်ကောင်စီစစ်ကြောင်းများကြောင့် ထွက်ပြေးရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြန်မာနိုင်ငံမှာ တိုးမြင့်လာတဲ့ နေရပ်စွန့်ခွာရမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာ ပိုမိုရှားပါးလာမှုတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီအဖြစ် အမေရိကန်အစိုးရက ဒေါ်လာ သန်း ၅၀ အသစ်ထပ်မံ ထောက်ပံ့ သွားမယ်လို့ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီ ထောက်ပံ့ငွေတွေကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် အရေးပေါ် စားနပ်ရိက္ခာနဲ့ အဟာရအထောက်အပံ့အဖြစ် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ အပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံမှာ လူသုံးဦးမှာ တစ်ဦးနှုန်းဖြစ်တဲ့ လူဦးရေ ၁၇ သန်းကျော် လူသားချင်း စာနာမှုအကူအညီတွေလို အပ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတော့ နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူဦးရေဟာ တစ်သန်းတောင် မပြည့်ခဲ့ဘူးလို့လည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့အတူ အသက်ငါးနှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်နဲ့ နို့တိုက်မိခင် အပါအဝင် လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အဟာရဆိုင်ရာ ပံ့ပိုးကူညီနိုင်မယ်လို့ ဖော်ပြထားပါတယ်။

အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး အထောက်အပံ့တွေကို ဆက်လက်ပေးအပ်နေပြီး မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်ဆီကို ငြိမ်းချမ်းစွာ ရှေးရှုဆောင်ရွက် နေကြသူတွေကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။