နိုင်ငံရေးအကျဉ်းသား ၅ဝဝ နီးပါးရှိ


2015.04.05
political-prisoner-insein-305.jpg နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
photo: RFA/ Kyaw Zawe Win

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် ဟာ ၅ဝဝ နီးပါးအထိ ပြန်လည်ရောက်ရှိနေပြီ လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က မနေ့ကထုတ်ပြန်လိုက်ပါတယ်။

အမိန့်ချမှတ်ခံရပြီးသား နိုင်ငံရေးအကျဉ်းသား ၁၇ဝ ကျော်နဲ့ သာယာဝတီထောင်မှာ အချုပ်ခံထား ရတဲ့ သပိတ်မှောက်ကျောင်းသားတွေ၊ ဝန်းရံသူတွေ အပါအဝင်၊ နိုင်ငံရေး၊ လူ့အခွင့်အရေးလှုပ်ရှား မှုတွေကြောင့် အဖမ်းခံရပြီးအမှုရင်ဆိုင်နေရဆဲ အယောက် ၃ဝဝ နီးပါးရှိနေတယ်လို့ AAPP တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုပြောပါတယ်။

"အခုထောင်ချပြီးသားက ၁၇၂ ယောက်ရှိပါတယ်၊ အမှုရင်ဆိုင်နေတာက ၃ဝဝ နီးပါးရှိပါတယ်၊ ကိုထင်ကျော်တို့လို၊ ကိုဝေဠုတို့လို နော်အုန်းလှ တို့လိုမျိုး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပါမယ်၊ နောက်လယ်သမားတွေပါမယ်ပေါ့ဗျာ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အဖွဲ့တွေက အဖမ်းခံထားရတဲ့သူတွေပါပါတယ်၊ အဲ့ဒါက ထောင် ကျပြီးသားပေါ့၊ အမှုရင်ဆိုင်နေရတဲ့အထဲမှာဆိုရင်တော့ ဒါလတ်တလော ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့သူတွေကလည်း ၁ဝဝ ကျော်လောက်ရှိပါတယ်၊ နောက်တစ်ခါ ကျန်တဲ့သူက ၂ဝဝ ကျော်လောက်ရှိပါတယ်၊ အဲ့ဒါက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့သူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ အစရှိတဲ့ ဒါမျိုးတွေများပါတယ်"

နိုင်ငံရေးအကျဉ်းသား ရှိနေတယ်ဆိုတာ နိုင်ငံရေးပြဿနာ၊   လူ့အခွင့်အရေးပြဿနာ၊ နှိပ်စက်ညှင်းပမ်းမှု ပြဿနာတွေ ရှိနေသေးတယ်ဆိုတာကို ထင်ရှားစေတဲ့အကြောင်းနဲ့ ဒီအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို AAPP အနေနဲ့အမြဲတင်ပြနေတယ်လို့ပြောပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေးအတွက်တောင်းဆိုတိုက်ပွဲဝင်လို့ ထောင်ချခံရ၊ တရားစွဲခံနေရတဲ့ လယ်သမားတွေနဲ့ ကူညီသူတွေလည်း ရာနဲ့ချီရှိနေတဲ့အတွက် အဲ့ဒီစာရင်းကိုလည်း ကောက်ယူနေတယ်လို့ပြော ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။