မုန်းမြို့မှာ လက်နက်ကြီးကြောင့် ငါးဦးဒဏ်ရာရပြီး နေအိမ် နှစ်ဆယ်ကျော်မီးရှို့ခံရ

RFA Burmese
2023.09.19
မုန်းမြို့မှာ လက်နက်ကြီးကြောင့် ငါးဦးဒဏ်ရာရပြီး နေအိမ် နှစ်ဆယ်ကျော်မီးရှို့ခံရ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ငထွေစုပ်ကျေးရွာတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပျက်စီးသွားသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအပြင် ငထွေစုပ်ကျေးရွာက နေအိမ် ၂၃ လုံး နဲ့ စပါးကျီ သုံးလုံးလည်း မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်းမြို့ နတ်သံကွင်းစခန်းကနေ စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဥသျှစ်ကုန်းရွာက အသက် ၃၄ နှစ်အရွယ် စောချစ်နာဘူး၊ နတ်သံကွင်း (၆) ရပ်ကွက်က မိသားစုဝင်တွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် စောသတင်းထူး၊ အသက် ၄၅ နှစ်အရွယ် စောအယ်ထူးနဲ့ အသက် ၄၇ နှစ်အရွယ် နော်ငွေသိန်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနက်မှာတော့ လယ်ပတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကနေ လက်နက်ကြီးကျည် သုံးလုံးပစ်ခတ်ခဲ့ရာမှာ ရေလဲဗမာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၆ နှစ်အရွယ် နော်ဖောလောအယ် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအပြင် ငထွေစုပ်ရွာကိုလည်း စက်တင်ဘာလ ၁၄ ရက်ကစစ်ကြောင်းထိုးပြီး ကျေးရွာ အတွင်း မြေမြှုပ်မိုင်းတွေထောင်ခဲ့တာကြောင့် ဒေသခံ ၁၅၃၄ ဦး အိုးအိမ်စွန့်ခွာထွက်ပြေး နေရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်းမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးနဲ့ပတ်သက်လို့ ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၉ ရက် ဒီနေ့အထိ ပဲခူးတိုင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ဦး သေဆုံးပြီး ၁၀၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့စာရင်းအရ အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းမှာ ပဋိပက္ခတွေကြောင့် အရပ်သား တစ်သိန်းတစ်သောင်းကျော် (၁၁၁,၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။