ပေါက်မြို့နယ် ပုတီးရွာက အိမ် ၆၀ ခန့် မီးလောင်ပျက်စီး

2022.04.20
ပေါက်မြို့နယ် ပုတီးရွာက အိမ် ၆၀ ခန့် မီးလောင်ပျက်စီး မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း ပေါက်မြို့နယ် ပုတီးရွာက နေအိမ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း ပေါက်မြို့နယ် ပုတီးရွာကို ဧပြီလ ၁၉ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက် နေအိမ် အလုံး ၆၀ ခန့် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေ ငါးနာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပျူစောထီးအဖွဲ့တွေ က ဆိုင်ကယ် ၁၆ စီးနဲ့ ရောက်လာတာလို့ အမည်မဖော်လိုတဲ့ ပုတီးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျမတို့ ရွာရဲ့ တောင်ဘက်ကျော်ရင် တပ်နယ်မြေဆိုပြီးတော့ ကပစ နယ်မြေဘက် ရောက်တာပေါ့။ အဲဒီကနေ ဆိုင်ကယ်နဲ့လာရင် လမ်းကြောအတိုင်းဆို မြန်တယ်။ အဲဒီ ကပစ ကနေ လာတာထင်တယ်"

ပုတီးရွာသား တစ်ထောင်ဝန်းကျင်ခန့်ဟာ သူတို့ ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရုတ်တရက် ဝင်လာလို့ ဘာအသုံးအဆောင်ပစ္စည်းမှ သယ်ယူချိန်မရဘဲ ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။

ရွာအနီးနားထိ သွားရောက်ကြည့်ခဲ့လို့ အိမ်အလုံး ၆၀ ခန့် မီးလောင်ပျက်စီးကုန်တယ်လို့ လည်း ပြောကြပါတယ်။

ပုတီးရွာဟာ ပုသိမ် - မုံရွာလမ်းရဲ့ အရှေ့ဘက် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ပြီး ရွာရဲ့တောင်ဘက်မှာ ဆိပ်ဖြူမြို့နယ်နဲ့ ကပ်နေတာလို့ ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းဆိုတဲ့အရပ်မှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ အမှတ် ၂၂ ကပစ စက်ရုံရှိပြီး အဲဒီနားပတ်ဝန်းကျင်ကို လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေက လာတာလို့ ရွာသားတွေက ဆိုပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်တွေအစပ်က ကျေးရွာပေါင်း ၂၀ ထက်မနည်း ကို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်ကာ အိမ်တွေမီးရှို့ခဲ့လို့ အိမ်စုစုပေါင်း ၁၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ စုစုပေါင်း တစ်သောင်းခွဲကျော် ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဧပြီလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၉၁၈၇ လုံး ပျက်စီးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်း က ၁၈၁၄ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။