ဟိုင်းကြီးကျွန်း ဇီးချိုင်ကျေးရွာ ဒေသခံ ခုနစ်ဦး အဖမ်းခံထားရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ရခိုင်လူမျိုး ခုနစ်ဦးကို စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဇီးချိုင်ကျေးရွာဒေသခံတွေက RFA ကို စက်တင်ဘာ ၁၅ ရက် မနေ့ညပိုင်းက ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်မှာ ဒေသခံလူငယ် သုံးဦးကို ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်မှာပဲ အမျိုးသမီး လေးဦး ဆက်လက်ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ယောကျာ်းလေး သုံးယောက်ကို ရွာလမ်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်စစ်မလို့ ဆိုပြီးတားတော့ တစ်ယောက် ထွက်ပြေးလို့ ကျန်တဲ့ နှစ်ယောက်ကို ဖမ်းပြီးတော့ ထွက်ပြေးတဲ့တစ်ယောက်ကို လိုက်ဖမ်းတာ။ အဖမ်းခံရသူတွေက ဘာပြောလိုက်သလဲ တော့ မသိဘူး။ နောက်လူငယ်တွေကို ထပ်ဖမ်းဖို့လုပ်တာမှာ မမိလို့ သူတို့ရဲ့မိဘနဲ့ အမျိုးတွေကို ဖမ်းတာ"
စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ဇီးချိုင်ကျေးရွာအနီးမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက် စီးနင်းခဲ့ပြီး လက်လုပ်သေနတ် နှစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့ပြီးနောက် ဒေသခံတွေ အခုလို အဖမ်းခံခဲ့ရတာ လည်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ မနေ့ကအထိ အဆက်အသွယ်မရသေးတဲ့အပြင် ဇီးချိုင်ကျေးရွာကို လည်း စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ရွာထဲကို ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့် နေတဲ့ အတွက် ကျေးရွာမှာရှိတဲ့လူငယ်တွေ မနေရဲတော့တဲ့အခြေအနေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဇီးချိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်သားတွေက ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဧရာ၀တီ တိုင်း လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။