နိုဝင်ဘာလအတွင်း အရပ်သား ရှစ်ဆယ် သေဆုံးကြောင်း AAPP ပြော

RFA Burmese
2024.12.03
နိုဝင်ဘာလအတွင်း အရပ်သား ရှစ်ဆယ် သေဆုံးကြောင်း AAPP ပြော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကုန်းပေါရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် အဆောက်အအုံများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်‌နေ့တွင် တွေ့ရစဉ်။
Facebook/ Karenni Hope

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လအတွင်းမှာ အရပ်သား ရှစ်ဆယ် သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူက ၄၁ ဦးအထိ အများဆုံးပါဝင်ပြီး လက်နက်ကြီးကြောင့် သေဆုံးသူက ၂၁ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ စစ်ကောင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုမှာဆိုရင် ကလေးနှစ်ဦး အပါအဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့တယ်လို့ AAPP က ပြောပါတယ်။

ဒေသအလိုက်သေဆုံးသူတွေထဲမှာ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က သေဆုံးသူ ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကြောင်းထိုး စီးနင်းမှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းကတော့ ၁၈ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး နှစ်ဆယ်နဲ့ အမျိုးသမီး ၃၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းသုံး တိုက်ခိုက်နေသလို မြေပြင်ထိုးစစ် စစ်ကြောင်းတွေကလည်း လက်နက်ကြီး အလွန်အကျွံသုံး တိုက်ခိုက်တာအပြင် နောက်ပိုင်းမှာ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကို တိုးလာတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

AAPP ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၀၀၇ ဦး သေဆုံးခဲ့ပြီး ၂၁,၁၉၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။