တိုက်ပွဲတွေကြောင့် အိန္ဒိယနယ်စပ်ဖြတ်ကျော် ခိုလှုံနေတဲ့ မြန်မာ ၈၁ ယောက် ဖမ်းဆီးခံရ
2023.01.28
စစ်ကိုင်းတိုင်း တမူးမြို့နယ်ကနေ အိန္ဒိယဘက်ခြမ်း စစ်ဘေးတိမ်းရှောင်နေသူတွေကို တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ မဏိပူရပြည်နယ် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယထုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဖမ်းခံရသူတွေထဲမှာ အသက်မပြည့်သေးသူ ၁ဝယောက် ပါဝင်ပါတယ်။
ရွာတွေ မီးရှို့ခံရလို့ ထွက်ပြေးလာတဲ့သူတွေ အခုလိုထပ်အဖမ်းခံရတာ နစ်နာတယ်လို့ အိန္ဒိယနယ်စပ်မှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဟိုဘက်မှာကလည်း ရွာတွေက မီးရှို့ခံရတော့ ပြေးရလွှားရတာတွေ ရှိတာပေါ့။ အဲ့တော့ သူတို့က ဒီဘက်ကို ဝင်လာတော့ တရားမဝင် ခိုးဝင်တွေဆိုပြီး ဖမ်းတာပေါ့လေ။ အဖမ်းခံရတဲ့သူတွေ အများကြီး နစ်နာတာပေါ့ဗျာ။ သူတို့ ဒီလိုအခက်အခဲရှိတာလည်း ဒီဘက်က အာဏာပိုင်တွေက သိတာမှ မဟုတ်တာ။ တခြားဘယ်နေရာသွားပြေးရမှာလဲ။ မိုင်တိုင် ၇၅၊ ၇၆ မှာ ဖမ်းလိုက်တာပေါ့လေ။ နှစ်ဘက်က နားလည်မှုလွဲနေတယ်လို့ ထင်တယ်။ ရွာမီးရှို့လို့ပြေးမှတော့ အဲ့ဒီရွာတွေဘက် မပြေးလို့ ဘယ်ကို ပြေးရမှာလဲ။”
အဖမ်းခံရသူတွေဟာ ဒီရက်ပိုင်းအတွင်း ခိုလှုံလာသူတွေရှိသလို တချို့ကလည်း ပြီးခဲ့တဲ့နှစ်ကတည်းက ရောက်နေသူတချို့လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
အိန္ဒိယဘက်က သတင်းတွေအရ သူတို့ဟာ မိုရေးရဲစခန်းနဲ့ တောင်ဘက် ၇ကီလိုမီတာအကွာမှာရှိတဲ့ ရွာနှစ်ရွာမှာ နေထိုင်နေကြသူတွေဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေကို နိုင်ငံခြားသား ယာယီထိန်းသိမ်းရေးစခန်းကနေ အင်ဖာအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့လည်း အိန္ဒိယထုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါနဲ့ဆိုရင် အိန္ဒိယ-မြန်မာနယ်စပ်မှာ ခိုလှုံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရတာ သုံးကြိမ်လောက် ရှိပြီလို့ သူက ပြောပါတယ်။
“အခုက ဖမ်းတာတွေ စိပ်နေတယ်။ သုံးကြိမ်လောက်ရှိပြီ။ ဒီဘက်က အာဏာပိုင်တွေက သူတို့အမြင်ရှိမှာပေါ့။ မြန်မာပြည်က အခြေအနေမကောင်းတော့ ဒီဘက်ကို လူတွေဝင်လာတာမှာ တရားမဝင် ဝင်လာတယ်ဆိုပေမယ့် သူတို့က ခိုလှုံစရာမဲ့လို့သာ ပြေးလာတဲ့အခြေအနေကို။ အဲဒီလို သဘောပေါက်ရင် ကောင်းတာပေ့ါ။ သဘောမပေါက်တော့ တရားမဝင် ခိုးဝင်လို့ ခေါင်းစဉ် တပ်တာပေါ့။ အိန္ဒိယအစိုးရတစ်ခုလုံးကို ပြောတာမဟုတ်ဘူး အောက်ခြေအာဏာပိုင်တွေကသာ သဘောပေါက်မယ်ဆိုရင် ဒီလောက်ထိ လုပ်မှာမဟုတ်ပါဘူး။ မဏိပူရဘက်က အမြင်မှာ ဘာရှိလဲဆိုတော့ မြန်မာပြည်ကလူတွေ ပြုံဆင်းလာတယ်၊ ဒီဘက် ရောက်နေတယ်၊ သူတို့တွေကို ကျွေးမွေးထားရမှာလားဆိုတဲ့ စဉ်းစားတာမျိုးတွေ ရှိတယ်။ လူတိုင်းစဉ်းစားတာမဟုတ်ပေမယ့် မူရင်းဌာနေသမားတွေက စဉ်းစားကြတာပေါ့။ ဒီဘက်က လူမျိုးစုတချို့က ဒီလိုဝင်လာတာကို မကြိုက်ဘူးပေါ့ဗျာ။ မြန်မာပြည်က အခြေခံအကြောင်းအရာကို မသိတာလည်း ပါမယ်။ အိန္ဒိယအစိုးရကြီးတစ်ခုလုံးအနေနဲ့ကတော့ သိမှာပေါ့။ အောက်ခြေအာဏာပိုင်တွေက မသိတာမျိုးလည်း ရှိတာပေါ့။ အဲ့တော့ အခုလိုဒုက္ခရောက်ပြီး ပြေးလာတာ ဘာသာစကားမပေါက် ဘာမပေါက်အခြေအနေမှာ ဒီလိုမျိုးအဖမ်းခံရတာပေ့ါလေ။”
သုံးကြိမ်လောက် အဖမ်းခံရတာမှာ မြန်မာနိုင်ငံသား နှစ်ရာဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်း အခြေအနေကို နားလည်သဘောပေါက်ပြီး စစ်ဘေးတိမ်းရှောင်လာသူတွေကို အိန္ဒိယအစိုးရက အကာအကွယ်ပေးဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။
“အိန္ဒိယအုပ်ချုပ်ရေးအာဏာပိုင်တွေက မြန်မာတွေဘက်က အခြေအနေကို နားလည်သဘောပေါက်ရင် ကောင်းတာပေါ့။ ဘယ်သူကမှ အကြာကြီးနေချင်မှာမဟုတ်ဘူး။ အခြေအနေမကောင်းလို့ နေရတာ။ အဲဒါလေးကို အိန္ဒိယအစိုးရ အောက်ခြေက နည်းနည်းလေး သဘောပေါက်ထားရင် နည်းနည်း ခံသာတာပေါ့ဗျာ။ မဟုတ်ရင် သူတို့ အခုလိုခဏခဏ လိုက်ဖမ်းနေမှာပဲ။ ဟိုမှာ ရွာမီးရှို့၊ လိုက်ပစ်နေတဲ့ဟာကို ဘယ်ပြေးရမှာလဲဗျာ။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာကလည်း စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးပြီး တစ်ဘက်နိုင်ငံမှာ ခိုလှုံနေရသူတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့နဲ့ အခုဖမ်းဆီးခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲနေ့စဉ် ပြင်းထန်နေပြီး နေအိမ်တွေ မီးရှို့ခံရ၊ ရွာလုံးကျွတ်မီးလောင်လို့ ထွက်ပြေးနေရသူ သိန်းနဲ့ချီ ရှိနေပါတယ်။