ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်ဆန္ဒပြပွဲ ရန်ကုန်မှာကျင်းပ

RFA Burmese
2024.08.06
ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်ဆန္ဒပြပွဲ ရန်ကုန်မှာကျင်းပ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု (၃၆) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ သပိတ်အင်အားစုလူငယ်အဖွဲ့များ စုပေါင်းပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
General Strike Committee

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု (၃၆) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုလူငယ်အဖွဲ့တွေစုပေါင်းပြီး စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြလှုပ်ရှားမှုကို ဩဂုတ်လ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

“မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ဆောင်ပုဒ်နဲ့အတူ စစ်အာဏာရှင်ကြောင့် ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းပေးဖို့နဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တိုက်ထုတ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ပြည်သူလူထု ပိုမိုခက်ခဲလာကြတဲ့အတွက် “ဆန်တစ်ပြည်ကို ကိုးထောင်ကျပ် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” စာသားကို ရွတ်ဆိုခဲ့ပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ကိုလည်း သပိတ်အင်အားစုအဖွဲ့တွေက တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

စစ်ကောင်စီက မြေပြင်သပိတ်လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ ဟန့်တားပြီး စောင့်ကြည့်ဖမ်းဆီးတာတွေရှိနေတဲ့ကြားက စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်ကြဖို့ လူငယ်သပိတ်အဖွဲ့တွေက ဆန္ဒပြသပိတ်တွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြပွဲကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ(GSC)၊ Yangon Revolution Force - YRF အပါအဝင် ရန်ကုန်အခြေစိုက်သပိတ်အင်အားစုအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။