စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့်

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတာဟာ ကောင်းမွန်တဲ့ ကိစ္စတရပ် ဖြစ်ပေမယ့် အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ အကောင်းတွေကိုသာ ရွေးကြည့်ပြီး မဆွေးနွေးစေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2010.11.20
assk_speech_11-14-2010_305_z.png ၇ နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီး နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့မှ လူထု ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်စကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

CNN ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။

“စေ့စပ်ဆွေးနွေးတာကို ကျမ ယုံကြည်ပါတယ်၊ ဒါကို မဆန့်ကျင်ပါဘူး။ မြန်မာတွေ တော်တော်များများက အမေရိကန်ကတော့ သူတို့ကို ကျောခိုင်းသွားပြီးတော့ စစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ အခု ပြောနေပါတယ်။ ကျမကတော့ ဒီလို မထင်ပါဘူး။ စေ့စပ်ဆွေးနွေးနေတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စကားပုံလို နေကာမျက်မှန်တပ်ပြီး သွားမဆွေးနွေးဘဲ ပကတိအတိုင်း မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျ လုပ်စေချင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘာတွေ အမှန်တကယ် ဖြစ်နေသလဲဆိုတာ နိုးနိုးကြားကြားနဲ့ အမြဲ မျက်စိဖွင့်ကြည့်နေသင့်ပြီး စေ့စပ်ဆွေးနွေးတာဟာ ဘယ်ကို ဦးတည်နေပြီး ဘယ်လို အပြောင်းအလဲလုပ်ဖို့ တကယ် လိုအပ်နေတယ်ဆိုတာ ကြည့်နေသင့်တယ်လို့လည်း ပြောပါတယ်။

ပြန်ပြီး အဖမ်းအဆီးခံရမှာကို မစိုးရိမ်ဘူးလားလို့ CNN က မေးမြန်းတဲ့အခါ လူအတော်များများက ဒီမေးခွန်းကို မေးကြပြီး သူကတော့ မသိနိုင်ဘူး ဆိုတာပဲ ဖြေနိုင်တဲ့အကြောင်း၊ အရင်ကလည်း အဖမ်းဆီး ခံရဖူးတဲ့အတွက် ဒါကလည်း ဖြစ်နိုင်ကြောင်း။ သူတို့ ထပ ်မဖမ်းဘူးဆိုတာ မပြောနိုင်တဲ့အကြောင်း၊ ဒါပေမယ့် ဒါကိုချည်း စဉ်းစားမနေနိုင်ဘဲ လုပ်စရာရှိတာ ဆက်လုပ်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်ပြီး မြန်မာစစ်အစိုးရနဲ့ လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ရရှိလာတဲ့ ရလာဒ်က စိတ်ပျက်စရာပဲလို့ သူက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။