လွတ်ရက်စေ့ခါနီး ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံကို တရားရုံးချုပ်ပယ်ချ

ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူနေဒေါ်ခင်ခင်ဝင်းနဲ့ သမီးဒေါ်ဝင်းမမတို့ အမှုအတွက် ဗဟိုတရားရုံးကို တင်သွင်းထားတဲ့ အထူးအယူခံကို ဒီကနေ့ ဗဟိုတရားရုံးက ပယ်လိုက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

2010.11.11
high_court_305_z.jpg ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အအုံ ဖြစ်ပါသည်။
(Photo: AFP)


ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မှာ အပစ် မရှိဘူးဆိုတာ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ရှိတယ်လို့ ကျနော်တို့ ယူဆတယ်လေ။ အခု ပယ်လိုက်တယ်ဆိုတော့ တရားဥပဒေ စိုးမိုးမှု ခိုင်ခိုင်မာမာမှ ရှိရဲ့လားလို့ကျနော်တို့ အဲလိုဘဲ စဉ်းစားတယ်။ ပယ်လိုက်တဲ့ အကြောင်းရင်းတွေကိုတော့ ကျနော်တို့ သေသေချာချာ မဖတ်ရသေးပါဘူး။"

ဒီအမူအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ ဗဟိုတရားရုံးမှာ နှစ်ဘက် ရှေ့နေများလျှောက်လဲခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေကြီးဦးကြည်ဝင်းက လျှောက်လဲ ခဲ့ပြီး၊ ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဒေါ်ဝင်းမမတို့ အတွက် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က လျှောက်လဲခဲ့ပါတယ်။ တရားလိုဘက်က ရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးတဦးက လျှောက်ထား ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်က နေပြည်တော် ကြားနာရာမှာ တရားသူကြီးချုပ် ဦးအောင်တိုး နဲ့တခြား တရားသူကြီး နှစ်ဦးတို့ တက်ရောက်ကြားနာခဲ့တယ်လို့ သိရပါတယ်။ ရှေ့နေတွေကတော့ ဒီအမှုကို အထုူးအယူခံတင်ရတာဟာ အပြစ်ကျူးလွန်ခြင်းမရှိကြောင်း ပြသဖို့ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်အစိုးရအရာရှိတဦးကတော့ ဒီနေ့ငြင်းပယ်ချက်ဟာ တရားရုံးချုပ်အနေနဲ့ ချပြီးသား ပြစ်ဒဏ်ကို အတည်ပြုတာဖြစ်တယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။

အခုလိုအထူးအယူခံကို ဗဟိုတရားရုံးကပယ်ချလိုက်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ လာမဲ့ နိုဝင်ဘာလ ၁၃ရက်နေ့မှာ ရက်စေ့မှာဖြစ်တာ ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ချုပ်နှောင်ထားလို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဘန်ကောက်မြို့ကနေ ဒီကနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။


သတင်းပေးပို့ချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။